Health & Beauty

ပြည်တွင်းကူးစက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အချိန်မှာ မိမိမကူးစက်အောင် ဘယ်လိုနေမလဲ

How can you keep yourself from becoming infected when the number of cases and deaths rises?

by Win May May Htay

မြန်မာနိုင်ငံမှာ မတ်လ(၂၃) ရက်နေ့က စတင်ပြီး ပိုးတွေ့လူနာ တွေ့ရှိခဲ့ကြပါတယ်။ ကိုဗစ် ပထမလှိုင်းမှာ လူနာအရေအတွက် နည်းသေးပေမယ့် ယခု ဒုတိယလှိုင်းမှာတော့ တစ်နေ့တစ်ခြား တွေ့ရှိလာရတဲ့ လူနာအရေအတွက်က ကြောက်ခမန်းလိလိပါပဲ။

ဒုတိယလှိုင်းရဲ့ ပိုးကူးစက်မှုနှုန်းက အရမ်းမြန်ပါတယ်။ ပထမလှိုင်းထက် (၁၀) ဆ ကနေ အဆ (၄၀) အထိ ပိုပြီး ကူးစက်နိုင်ပါတယ်။ ပိုးက အိမ်အပြင် ရောက်နေပါပြီ။ ဘယ်နေရာရောက်နေလဲ ဆိုတာသာ မသိနိုင်တာပါ။

ပိုးရှိလူနာ အများစုက ရောဂါလက္ခဏာ မပြတော့ မိမိနဲ့ တွေ့ဆုံနေတဲ့သူဟာ ရောဂါရှိတယ် မရှိဘူးဆိုတာ သိနိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်တိုင်းမှာ Mask တပ်ဖို့ အမြဲ သတိပေးနေတာပါ။

နောက်ထပ် တွေ့ရှိချက်တစ်ခုကတော့ ဒုတိယလှိုင်းမှာ လူတော်တော်များများက Mask ကို မေးချိတ်ထားတတ်ကြတာပါပဲ။ ဒီလိုတပ်တာဟာ အပြင်မှာ ရှိတဲ့ ပိုးတိုင်းကို ရာနှုန်းပြည့် ကူးစက်နိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ လုံးဝမလုပ်သင့်တဲ့ အချက်ပါ။

ဒါကြောင့် အစိုးရက Mask ချွတ်ပြီးမှ စားလို့ သောက်လို့ရတဲ့ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ စားသောက်ဆိုင်တွေကို ပါဆယ်စနစ် လုပ်ခိုင်းခဲ့တာပါ။

ပထမလှိုင်းမှာ သေဆုံးသူ (၆) ယောက်ပဲ ရှိခဲ့ပေမယ့် ဒုတိယလှိုင်းကြောင့် ယနေ့ စက်တင်ဘာလ (၂၅) ရက်နေ့ မနက်(၈)နာရီ ကြေညာချက်အရ သေဆုံးသူလူနာပေါင်း (၁၅၅) ဦးအထိ ရှိနေပါပြီ။

အရင်က အသက်ကြီးသူတွေနဲ့ အခြားရောဂါအခံရှိပြီး ကျန်းမာရေး လုံးဝမကောင်းသူတွေသာ သေဆုံးခဲ့ပေမယ့် အခုချိန်မှာတော့ လူငယ်တွေ၊ ကျန်းမာရေးကောင်းသူတွေပါ တစ်ဖြုတ်ဖြုတ် သေဆုံးလျက် ရှိပါတယ်။

သတိချပ်ရမှာက Covid-19 ဟာ ရောဂါလက္ခဏာ မပြတဲ့သူတွေ များတာကြောင့် ကိုယ့်ကိုကူးလည်း စိတ်ပူစရာမလိုဘူးဆိုပြီး အတွေးမှားလို့ မရပါဘူးနော်။

မိမိကိုယ်တိုင်က ပိုးကူးလည်း ဘာဝေဒနာမှ မခံစားရလို့ စိတ်ပူစရာ မရှိဘူးလို့ တွေးလို့ရပေမယ့်၊ မိမိအိမ်က အိမ်သားတွေ၊ မိသားစုဝင်တွေက မိမိကြောင့် ပိုးကူးစက်နိုင်ပြီး အိမ်သားတွေကတစ်ဆင့် ပတ်ဝန်းကျင်၊ ရပ်ကွက် စသဖြင့် ဆိုးကျိုးတွေက မတွေးဝံ့စရာပါ။

ဒါကြောင့် အဓိက သတိပြု လိုက်နာရမှာတွေက

မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြပါနဲ့။
မဖြစ်မနေ ထွက်ရမယ်ဆိုရင် Mask ကို မချွတ်တမ်း တောက်လျှောက် တပ်ထားပါ။  
တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနဲ့။
အိမ်နီချင်းအိမ်တွေ အလည်မသွားပါနဲ့။
မိမိအိမ်ကိုလည်း ဧည့်သည် လက်မခံပါနဲ့။
အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ အချက်တွေကိုလည်း အတိအကျ လိုက်နာပေးပါ။

မိမိကိုယ်ကိုချစ်ရင်၊ မိမိအိမ်သား၊ မိမိမြို့နဲ့ မိမိတိုင်းပြည်ကို ချစ်ရင် ဒီကာလကြီး မပြီးမချင်း တတ်နိုင်သမျှ အိမ်မှာပဲ နေပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

⇐ Previous Next

Read 1734 times