Health & Beauty

Chemical Peeling Treatment နဲ့ ပတ်သက်ပြီး လူတွေ အထင်လွဲမှားနေတဲ့ အရာများ

Rumors about Chemical Peeling

by Win May May Htay

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ပြုပြင်ကုသမှုတွေကိုလည်း လူငယ်တိုင်းလိုလို စိတ်ဝင်စားလာကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် မျက်နှာအသားအရည် ကျန်းမာရေးအတွက်လည်း Treatment မျိုးစုံကို ပြုလုပ်လာကြပါတယ်။

မျက်နှာအသားအရည်နဲ့ ပတ်သက်ပြီး လူငယ်တွေကြား ရေပန်းအစားဆုံး Treatment ကတော့ Peeling Treatment ပဲ ဖြစ်ပါတယ်။ Peeling Treatment ဆိုတာကို အရိုးရှင်းဆုံး ပြောပြရရင်တော့ မျက်နှာပေါ်မှာရှိတဲ့ ညစ်ထေးနေတဲ့ အပေါ်ယံအရေပြားအလွှာကို ခွာချလိုက်တာပါ။

ဒီလိုခွာချလိုက်ခြင်းအားဖြင့် အမဲစက်တွေ၊‌ နေလောင်တာတွေကို သက်သာပျောက်ကင်းစေပြီး အသားအရည်ကို ညီညာချောမွတ်စေတဲ့အပြင် Baby Skin ကို ပြန်လည်ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် Peeling နဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ လွဲမှားနေတဲ့ ထင်မြင်ယူဆချက်တွေကလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Chemical Peeling နဲ့ ပတ်သက်ပြီး လွဲမှားတဲ့ ယူဆချက်တွေနဲ့ လူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းတစ်ချို့ကို ပြန်လည်ကိုးကား ရှင်းပြပေးချင်ပါတယ်။

Chemical Peeling လုပ်တာ နာလား?

လုံးဝမနာပါဘူး။ မျက်နှာအရေပြားအတွက် သီးသန့် ဖော်စပ်ပြုလုပ်ပေးထားတဲ့ အက်ဆစ်အပျော့စား ပါဝင်တဲ့ ဆေးရည်ကြည်ကို မျက်နှာပေါ်တင်လိုက်တဲ့အခါ အနည်းငယ် စပ်ဖျင်းဖျင်းလေး ဖြစ်သွားတာပါ။. မျက်နှာပေါ်ကို မိနစ်အနည်းငယ်ခန့် ထားပြီးလို့ ရေနဲ့သုတ်လိုက်တာနဲ့ အက်ဆစ်ဓာတ် ပြယ်သွားပါတယ်။

Chemical Peeling အမျိုးအစာတွေက အကုန်လုံးတူတူပဲလား?

မတူပါဘူးနော်။ Peeling အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုချင်းစီရဲ့ အက်ဆစ်ဓာတ် အပြင်းအပျော့ percentage တွေ ကွာပါတယ်။ မိမိအသားအရည်နဲ့ သင့်တော်မယ့် အက်ဆစ်အမျိုးအစားကို အရေပြားဆိုင်ရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။

စျေးကွက်ထဲက ဆေးအမျိုးအစားတွေနဲ့ ဆေးခန်းမှာ သုံးတဲ့ ဆေးတွေက အတူတူပဲလား?

လုံးဝမတူပါဘူးနော်။ စျေးကွက်ထဲ FDA ရထားတာတွေဟာ ပုံမှန် မျက်နှာအမျိုးအစားတိုင်း အဆင်ပြေနိုင်လောက်တဲ့ အက်ဆစ်ပမာဏကိုသာ ထည့်ပေးထားပါတယ်။ တစ်ချို့ FDA မရထားတဲ့ အက်ဆစ်အမျိုးအစားတွေ Online ဈေးကွက်တစ်ချို့မှာ ရောင်းချနေတာ တွေ့ရပါတယ်။ Side Effect တွေ များနိုင်တာမို့ သုံးဖို့မသင့်ပါဘူးနော်။

Chemical Peeling က လူတိုင်း အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရလား?

Aesthetic Doctor တွေဟာ Chemical Peeling နဲ့ ပတ်သတ်တဲ့ ကုသမှုတွေကို Topic တစ်ခုအနေနဲ့ သေချာ သင်ယူထားရပါတယ်။ စျေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ AHA, BHA, Glycolic တွေကို လူတိုင်းသုံးလို့ အဆင်ပြေတာ မှန်ပေမယ့် ဆေးခန်းသုံး အက်ဆစ်မျိုးကိုတော့ ကျွမ်းကျင်သူနဲ့သာ ပြုလုပ်သင့်ပါတယ်။

Peeling လုပ်ပြီးရင်  Recover ဖြစ်ဖို့ လပေါင်းများစွာ ကြာနိုင်လား?

လနဲ့ချီပြီး မကြာပါဘူးနော်။ ကြာချိန် အနည်းဆုံး (၃) ရက်ကနေ အများဆုံး (၃) ပတ်လောက်ထိပဲ ကြာနိုင်ပါတယ်။ မျက်နှာရဲ့ အပေါ်ယံအရေပြား ကွာခြင်းက (၁) ပတ်ကနေ (၁၀) ရက် အထိ ကြာတတ်ပြီး ခန္ဓာကိုယ်Peelingလုပ်ရင်တော့ (၂)ပတ်ကနေ (၃)ပတ်အထိ ကြာနိုင်ပါတယ်။

Peeling လုပ်ပြီးရင် Makeup လုံးဝ မလိမ်းရဘူးလား?

လိမ်းလို့ရပါတယ်။ Peeling လုပ်ပြီးစမှာ အရေပြားအနည်းငယ် ကွာနေတာကြောင့် မိတ်ကပ်မညက်တာပဲ ရှိတာပါ။ Alcohol ပါတဲ့ Toner တို့ Scrub တို့ကိုတော့ ရှောင်ရပါမယ်နော်။ Peeling လုပ်ပြီးရင် Moisturizer နဲ့ Sunscreen ကို​တော့ သေချာလိမ်းပေးဖို့ လိုအပ်ပါတယ်။

Peeling တစ်ခါလုပ်ပြီးတာနဲ့ မျက်နှာအရေပြား လုံးဝချောမွေ့သွားနိုင်လား?

ဘယ် Treatment ဘယ် Skincare မှ တစ်ခါထဲ ကောင်းသွားတာမျိုး မရှိပါဘူးနော်။ ခန္ဓာကိုယ်ကျစ်လစ် ကျန်းမာဖို့ GYM ပုံမှန်သွားရသလိုပါပဲ။ အရေပြားကျန်းမာရေး ကောင်းဖို့ အမြဲဂရုစိုက်မှသာ လိုချင်တဲ့ ရလဒ်ကို ရနိုင်မှာပါ။

ပြဿနာ တစ်ခုခုရှိနေတဲ့ အရေပြားမှာပဲ Chemical Peeling လုပ်ရတာလား?

Chemical Peeling ဆိုတာ အရေပြား ဆဲလ် အဟောင်းတွေဖယ်ပြီး ဆဲလ်အသစ်တွေ ထွက်အောင် အားပေးတဲ့ Treatment တစ်မျိုးဖြစ်တာမို့ မျက်နှာပြင်မှာ ကြီးကြီးမားမား ပြသနာမျိုး မရှိလည်း Treatment ပြုလုပ်လို့ရပါတယ်။ အပေါ်မှာ ပြောခဲ့သလို သုံးရတဲ့ အက်ဆစ် အပြင်းအပျော့ပဲ ကွာသွားမှာပါ။

Chemical Peeling တွေက အရေပြားကို ထိခိုက်ပျက်ဆီးနိုင်လား?

Chemical ဆိုတဲ့စာလုံးကြောင့် လူတော်တော်များများ အတွေးမှားနေကြတာလို့ ထင်ပါတယ်။ တစ်ကယ်တော့ AHA ဆိုတာ အသီးကရတဲ့ အက်ဆစ်အပျော့စားတစ်မျိုး ဖြစ်ပါတယ်။ ဒီအက်ဆစ်က အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေထွက်ဖို့ အားပေးတဲ့ Treatment တစ်မျိုး ဖြစ်တာကြောင့် ကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပြီး ပြုလုပ်ရင် အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref : Dr. Suri (Derm Talks by Dr. Suri)

Laser Care Clinic

⇐ Previous Next

Read 1616 times