Arts and Craft

လာမည့် အောက်တိုဘာလတွင် နှစ် ( ၁၀၀ ) ပြည့်မည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်

Myanmar Film History Museum to mark its 100th anniversary next October

ကိုလိုနီခေတ် ၁၉၂၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ် ( ၁၀၀ ) ပြည့်တော့မည် ဖြစ်သည်။

အဆိုပါ နှစ် ( ၁၀၀ ) ပြည့် အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်းအတွင်းတွင် တည်ရှိသော မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ပြတိုက်အဆောက်အအုံကို ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိသည်။ 

ထို့ပြင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်က ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ပါဝင်ပြသလိုသည့် ရုပ်ရှင်များကိုလည်း ဖိတ်ခေါ်သွေားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကျင်းပမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဖွင့်ပေးထားမည် ဖြစ်ကာ မြန်မာ့ရုပ်ရှင် သမိုင်းကြောင်း မှတ်တမ်းများနှင့် ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုသော ဖလင်နှင့် ကင်မရာ၊ ဗီဒီယိုများ စသည်တို့ကို ပြသထားမည် ဖြစ်သည်။

မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဦးဆုံး ရုံတင် ပြသခဲ့သော ရုပ်ရှင်မှာ “ မေတ္တာနှင့် သူရာ “ ဆိုသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နည်းပညာ၊ ကျွမ်းကျင်မှုနှင့် စက်ပစ္စည်းကိရိယာများ ချို့တဲ့သည့်ကြားမှ ၂ နှစ်ကြာ ကြိုးပမ်း ရိုက်ကူးခဲ့ရသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

ထိုရုပ်ရှင်တွင် ပါဝင်ခဲ့သော မင်းသား၊ မင်းသမီးများမှာလည်း မိတ်ကပ်၊ နှုတ်ခမ်းနီတို့ကဲ့သို့ ခေတ်မီ အလှပြင်ပစ္စည်းများ၊ မီးထိုးမှန်ထိုးများ မရှိသည့်ကြားမှ ကြိုးစား သရုပ်ဆောင်ခဲ့ကြရခြင်း ဖြစ်သည်။

ရုပ်ရှင်သမိုင်းပြတိုက် ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ကို ၁၉၄၅ ခုနှစ်တွင် လည်းကောင်း၊ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်ကို ၁၉၇၀ ခုနှစ်တွင် လည်းကောင်း၊ ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ကိုလည်း ၁၉၉၅ ခုနှစ်တွင် လည်းကောင်း စဉ်ဆက်မပြတ် ကျင်းပခဲ့ကြသည်။

 

⇐ Previous Next

Read 1378 times