Health & Beauty

Pre-Winter Mosquitoes

Pre-Winter Mosquitoes

ရန်ကုန်သူ၊ ရန်ကုန်သားတို့ရေ ... အခုဆိုရင် လေအေးလေးတွေက မသိမသာ တိုးဝှေ့လာနေပြီနော်။ အထူးသဖြင့် ညဘက်တွေမှာပေါ့။ ဆောင်းဝင်ခါနီး နေဝင်ချိန်တွေဟာ ကော်ဖီတစ်ခွက်နဲ့အတူ ခံစားလို့ သိပ်မိုက်ပါတယ်။ ဒါပေမဲ့ ... နည်းနည်းလေး စိတ်ရှုပ်စရာကိစ္စကလည်း ရှိနေပြန်တယ်။ အဲဒါကတော့ ဒီလိုအချိန်မှာ ကော်ဖီတစ်ခွက်နဲ့ ဖီးလ်မလို့လုပ်တုန်း ဘယ်ကမှန်းမသိ ရောက်ရောက်လာတဲ့ ခြင်တွေပေါ့ဗျာ။

ဒီတော့ ခြင်တွေကို ဘယ်ကနေ ဘာလို့ ပေါ်လာတာလဲ၊ ဘယ်လို ဂရုစိုက်ရမလဲ၊ ရန်ကုန် လူနေမှုဘဝ Live-Style နဲ့အညီ ဘယ်လိုကာကွယ်ကြမလဲဆိုတာ MY Yangon Guide က ဒီဆောင်းပါးလေးကနေ ကျန်းမာရေးအသိပေးအဖြစ် တင်ပြလိုက်ရပါတယ်။

ခြင်တွေ ဘယ်ကနေ ဘာလို့ ပေါ်လာတာလဲ?

တကယ်တော့ ရန်ကုန်ရဲ့ ရာသီဥတု အကူးအပြောင်းကာလ နဲ့ ခြင်တွေရဲ့ ဘဝစက်ဝန်း (Life Cycle) တို့ ပေါင်းစပ်မှုရဲ့ ရလဒ်ပါပဲ။

ကျန်နေသေးတဲ့ ရေအိုင်၊ ရေဝပ်များ

ပြောရမယ် မိုးရာသီက ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ သိကြတဲ့အတိုင်း မထင်ရင်မထင်သလို ရွာချတတ်တဲ့ အခါမဲ့မိုးကြောင့် လမ်းဘေးမှာ၊ အိမ်ပတ်ဝန်းကျင်က အမှိုက်ပုံး၊ တာယာဟောင်း၊ ပန်းအိုးခံခွက် စတဲ့ နေရာတွေမှာ ရေတွေ ဝပ်တတ်ပါတယ်။ ခြင်တွေဟာ ဥ ဥ ဖို့အတွက် အဲ့ဒီလို ငြိမ်သက်နေတဲ့ ရေကို လိုအပ်ပါတယ်။ မိုးကရွာချလိုက်၊ တိတ်သွားတာရက်တွေကြာလိုက် ဖြစ်တာဟာ ခြင်တွေ ဥ ဥဖို့ "ဟိုတယ်" တွေ ပေါများနေသတဲ့သို့ ဖြစ်စေပါတယ်။

နွေးထွေးစိုစွတ်ဆဲ အခြေအနေ

ပြီးတော့ ဆောင်းဝင်ခါနီးအချိန်လို့သာပြောတာ။ ရန်ကုန်ရဲ့ အပူချိန်က ခြင်တွေ သေလောက်အောင် မအေးပါဘူး။ ပူနွေးစိုစွတ်ဆဲ ဖြစ်တဲ့ ဒီလိုရာသီဥတုဟာ ခြင်ဥကနေ ခြင်သားလောင်း၊ ပြီးတော့ ခြင်အကောင်ကြီး ဖြစ်လာတဲ့ ပေါက်ပွားနှုန်းကို ပိုမိုမြန်ဆန် စေပါတယ်။ ဒါကြောင့် ခြင်အကောင်ရေက မြန်မြန်ဆန်ဆန် တိုးပွားလာတာပါ။

အထူးသတိထားရမဲ့ အန္တရာယ် - သွေးလွန်တုပ်ကွေး

ဒီကာလဟာ ရိုးရိုးအနှောက်အယှက်ပေးတဲ့ ခြင်တွေသာမက သွေးလွန်တုပ်ကွေး (Dengue Fever) ရောဂါကို သယ်ဆောင်လာတဲ့ ခြင်နက် (Aedes aegypti) တွေ ပေါက်ပွားဖို့ အကောင်းဆုံး အချိန်ပါ။

ခြင်နက်တွေဟာ...

* နေ့ခင်းဘက်မှာ အဓိက ကိုက်တတ်ပါတယ်။

* သန့်ရှင်းတဲ့ ရေဝပ်နေရာ (ဥပမာ- ရေအိုး၊ အိမ်ထဲက ရေစုပုံး) မှာ ဥ တတ်ပါတယ်။

ဒါကြောင့် အခုလို ခြင်ပေါတဲ့ရာသီမှာ ရောဂါဘယ ကင်းဝေးဖို့ ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ?

 ခြင်

ရန်ကုန် လူနေမှုဘဝ Live-Style နဲ့အညီ ကာကွယ်နည်း (The 3 R's)

ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းလှပစေရင်း ခြင်တွေကို ကာကွယ်နိုင်မယ့် နည်းလမ်း (၃) ခုကို လိုက်နာကြပါစို့။

1. Remove (ဖယ်ရှားပါ)

* **ရေကို ဖယ်ရှားပါ။ ကိုယ့်အိမ်ပတ်ဝန်းကျင်၊ ခြံထဲ၊ လေသာဆောင်မှာ ရေစုနိုင်တဲ့ ပစ္စည်းတွေ (တာယာဟောင်း၊ အုန်းခွံ၊ စည်ပိုင်း၊ အိမ်မွေးတိရစ္ဆာန်ရေခွက်) တို့ကို သုံးရက်တစ်ခါလောက် သေချာစစ်ဆေးရပါမယ်။ ရေဟောင်းတွေရှိရင် သွန်၊ မှောက်၊ ဒါမှမဟုတ် ဖုံးအုပ်ထားရပါမယ်။ ဒါဟာ ခြင်သားလောင်းတွေ မွေးဖွားရာ ဇစ်မြစ်ကို ဖြတ်တောက်လိုက်တာပါပဲ။

2. Repel (ကာကွယ်ပါ)

* **အကာအကွယ်။ ညအိပ်တဲ့အခါ ခြင်ထောင် မဖြစ်မနေ အသုံးပြုပါ။

* ခြင်ဆေး။ အပြင်သွားတဲ့အခါ၊ အိမ်ထဲမှာနေတဲ့အခါ DEET ပါဝင်တဲ့ ခြင်မကိုက်စေတဲ့လိမ်းဆေး ကို (အညွှန်းအတိုင်းသေချာစွာ) အသုံးပြုပါ။ လိုအပ်လျှင် အိမ်တွင်းမှာ ခြင်ဆေးခွေကို အသုံးပြုပါ။ ခြင်ဆေးခွေက အခြားသော ဘေးထွက်ဆိုးကျိုးများ ရှိတာကြောင့် ဂရုစိုက်သုံးစွဲဖို့တော့ လိုပါတယ်။

3. Recognize (သတိထားပါ)

* **ဖျားနာမှုကို ဂရုစိုက်ပါ။ အခုလို ရာသီမှာ အပူချိန်ရုတ်တရက်တက်ပြီး ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရေပြားနီမြန်းခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်မနေဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး သွေးလွန်တုပ်ကွေးဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါတယ်။

မအေးတအေး ရန်ကုန်ဆောင်းမှာ စိတ်လက်အေးချမ်းစွာ နေထိုင်ဖို့ ခြင်ကာကွယ်ရေးကိုလည်း ကိုယ့်ရဲ့ Daily Routine ထဲ ထည့်သွင်းလိုက်ကြရအောင်နော်။ ရန်ကုန်သူ၊ ရန်ကုန်သားအားလုံး ခြင်အန္တရာယ်ကင်းဝေးပြီး ကျန်းမာကြပါစေလို့ MY Yangon Guide က ဆုမွန်ကောင်းတောင်းလျက်ရှိပါတယ်။

 

⇐ Previous Next

Read 82 times