Travel

ကျောက်တောင်ကြီးတစ်ခုလုံးကို လက်ဖြင့်သာ ထွင်းထုထားတဲ့ မုံရွာမြို့က သမိုင်းဝင် ရွှေဘတောင်

Shwe Ba Taung in Monywa

မုံရွာရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲမှာ ရှေးမြန်မာတို့ရဲ့ အံ့မခန်း ကျောက်ဆစ်ပညာကို မြင်တွေ့ခံစားနိုင်တဲ့ ရွှေဘတောင်လည်း ပါဝင်ပါတယ်။ နှစ်ပေါင်း (၉၀၀) ကျော်တိုင်အောင် မပျောက်မပျက် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ရွှေဘတောင်အကြောင်းကို သိပြီးတဲ့လူလည်း ရှိကြသလို ရှိမှန်းတောင် မသိသေးတဲ့လူတွေလည်း ရှိနိုင်တာဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။  

ဘာနည်းပညာ စက်ကိရိယာ အကူအညီမှ မပါဘဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့ ထွင်းထု ပုံဖော်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းနယ်မြေ ရွှေဘတောင်က မုံရွာတစ်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမပင်ခရိုင်၊ စစ်ကိုင်းတိုင်း ဖိုလ်ဝင်တောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့‌‌နေရာလေးပါ။ မုံရွာကနေဆို တစ်နာရီသာသာလောက် ကားနဲ့ သွားရပါတယ်။  

ရွှေဘတောင်လို့ အမည်တွင်သွားရတဲ့ အကြောင်းကတော့ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်မှာ ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘနဲ့ တပည့်တွေမှ ထိုကျောက်တောင်အကြီးကြီးကို လိုသလို ပုံသွင်း ဆောက်လုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ကျောက်တောင်ကြီးထဲမှာ ကျောက်ရုပ်ထုတွေ၊ ကျောက်ဂူတွေ၊ ကျောက်ဘုရားတွေနဲ့ ကျောက်ပန်းပုလက်ရာတွေကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဆိုတဲ့ နေရာဖြစ်လာတာပါ။ ကျောက်သားတွေကို ထွင်းထုတဲ့အခါမှာလည်း ဂဝံမြေသားကိုပဲ အသုံးပြုခဲ့ကြတာပါ။ ဂဝံမြေသားဆိုတာက ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အအေးဓာတ် ရှိပါတယ်။ လိုသလို ပုံသွင်းနိုင်ပြီး နောက်မှ အလိုလိုမာသွားကာ ဖြတ်သုံးလို့ရတဲ့ ကျောက်ဖြစ်ပါတယ်။  

May be an image of temple and the Pantheon

ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေ၊ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်ဟာ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး တခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နဲ့လည်း တစ်ဆက်တည်း ရှိနေပါတယ်။ ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ တမူထူးခြားလျက်ရှိပါတယ်။ 

ကျောက်သားနံရံတွေကို အင်္ဂတေလုံးဝမပါဘဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နဲ့ ကျောက်လက်မှုပညာစစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။ ရွှေဘတောင်ရဲ့ ကျောက်လှေကားကတော့ Instagram မှာ နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ် ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီတွေ၊ ဘုရားတွေ တည်ထားတာက ရင်သပ်ရှုမောဖွယ်ရာပါ။ မြန်မာတို့ရဲ့ စေတီဘုရားတွေဟာ ပုံမှန်အားဖြင့် အုတ်တွေ သဲတွေနဲ့သာ တည်ထားကိုးကွယ်ကြတယ်ဆိုပေမဲ့ ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေက‌တော့ ကျောက်တွေနဲ့သာ ထွင်းထုထား ဖြစ်ပါတယ်။ 

Shwe Ba Hill - Monywa,Myanmar

နောက်ထပ် ထူးခြားတဲ့အရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာလည်း ကျောက်တုံးအကြီးကြီးကို ထွင်းထုထားတာဖြစ်ပြီး ဆင်ကြီး အုပ်မိုးထားတဲ့ အတွင်းဂူထဲမှာတော့ ဘုရားတွေကို ပူဇော်ထားပါတယ်။

လူသွားလမ်းတွေ၊ သာသနာကျောင်းဆောင်တွေ၊ ဘုရားစေတီတွေ၊ ကျောက်ပန်းပုရုပ်အစုံတွေ စသဖြင့် မြန်မာမှုလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုတွေ အားနည်းနေသေးတာကိုတော့ တွေ့ရပါတယ်။ ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေတာတွေ၊ ‌ရှေးဟောင်းလက်ရာ ကျောင်းဆောင်တွေကို ခေတ်လက်ရာဆေးတွေ သုတ်ပစ်လိုက်တာတွေ ဖြစ်ပါတယ်။ 

Shwe Ba Hill - Monywa,Myanmar

နိုင်ငံရေးအခြေအနေတွေ ကောင်းသွားလို့ စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင် ရွှေဘတောင်ကို ဝင်ပြီး မြန်မာ့ကျောက်ပန်းပုလက်ရာတွေ၊ ပန်းတမော့လက်ရာတွေ၊ မြန်မာ့ဗိသုကာပညာတွေကို အဝငေးမောဖို့ နှလုံးသားထဲ တေးမှတ်ထားလိုက်တော့နော်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်ကူးယူ ဝေမျှထားခြင်းဖြစ်သည်။ 

⇐ Previous Next

Read 899 times