Entertainment

ရုပ်ရှင်ရုံထဲကပါ ပြန်ထွက်ချင်သွားလောက်အောင် ကြောက်ဖို့ကောင်းတဲ့ Smile 2022

Smile 2022 Horror Movie

US မှာ ရုံတင်ပြီး (၄) ရက်အကြာမှာ IMDb Rating 7 ထိ ရရှိခဲ့တဲ့ Smile 2022 သရဲကားဟာ ဒါရိုက်တာ Parker Finn ရဲ့ ပထမဆုံးပွဲဦးထွက် ရုံကားကြီးဖြစ်ပါတယ်။ ဒါရိုက်တာ Parker Finn ဟာ ၂၀၁၈ တုန်းက The Hidebehind နာမည်နဲ့ (၁၀) မိနစ်စာ သရဲကား ဇာတ်လမ်းတိုကို ရိုက်ကူခဲ့ပြီး ဆုတစ်ဆု ရရှိခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၂၀၂၀ ခုနှစ်မှာ Laura Hasn't Slept ဆိုတဲ့ (၁၁) မိနစ်စာ သရဲကားဇာတ်လမ်းတိုကို ရိုက်ကူးခဲ့ပြီး ဆုနှစ်ဆု ထပ်ရရှိခဲ့ပါတယ်။

Smile 2022 ဟာ Laura Hasn't Slept ဆိုတဲ့ ဇာတ်လမ်းတိုကို အခြေတည်ပြီး ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ သရဲကားဖြစ်ပါတယ်။ Smile 2022 ကို US မှာ စက်တင်ဘာ (၂၉) ရက်နေ့က စတင်ရုံတင်ခဲ့ပြီး တစ်ပတ်မပြည့်ခင်မှာပဲ ရုပ်ရှင်ကုန်ကျစရိတ် $17 Million အတွက် ပြည်တွင်းမှာတင် ရုံတင်ဝင်ငွေ $22 Million ထိပြန်ရရှိခဲ့ပါတယ်။ Smile 2022 ဟာ အခုလက်ရှိမှာ နိုင်ငံတကာ ရုံတင်ဝင်ငွေ $36 Million ထိ ရရှိနေတာဖြစ်ပြီး သရဲကားပရိသတ်တွေရဲ့ “၂၀၂၂ ရဲ့ အကောင်းဆုံး သရဲကားပါ” ဆိုတဲ့ မှတ်ချက်ကောင်းတွေလည်း ရရှိနေတာဖြစ်ပါတယ်။  

အမေရိကန်သရဲကားတွေကတော့ အသံပိုင်းရော၊ အမြင်ပိုင်းရော၊ ဇာတ်အိမ်ပိုင်းရောကို အမိုက်စားရိုက်ချက်တွေနဲ့ ဖန်တီးနေကျဖြစ်တာမလို့ အများကြီးညွှန်းစရာတော့ မလိုလောက်ပါဘူး။ နေ့ခင်းကြောင်တောင် ကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့ Smile 2022 ဟာ ဆိုက်ကိုဆန်ဆန်သရဲကားဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားတဲ့ နာမည်ကြီး သရုပ်ဆောင်တွေကတော့ Sosie Bacon ၊ Jessie T. Usher၊ Kyle Gallner၊ Caitlin Stasey၊ Kal Penn နဲ့ Rob Morgan တို့ဖြစ်ပါတယ်။  

Smile 2022 ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် စိတ်ရောဂါကုဆရာဝန် Rose Cotter (Sosie Bacon) ဟာ ဆရာဝန်လောင်းဖြစ်တဲ့ သူမရဲ့ လူနာ Laura Weaver (Caitlin Stasey) နဲ့ တွေဆုံချိန်မှာ Laura က ထူးဆန်းတဲ့စကားတစ်ခု ပြောလိုက်ပါတယ်။ သူမက ဘာပြောလဲဆိုရင် အပြုံးတုတွေ ပြုံးပြနေတဲ့ လူတစ်ချို့ကို သူမတစ်ယောက်တည်းကပဲ မြင်နေရတယ်လို့ ပြောနေရင်းနဲ့ ရုတ်တရက် Laura က မမြင်ရတဲ့ တစ်စုံတစ်ရာဆီက တိုက်ခိုက်ခံရပြီး လဲကျသွားခဲ့ပါတယ်။ အဲဒီနောက် သူမပြန်ထလာပြီး ရုတ်တရက် ပြုံးလိုက်တယ်။ ပြီးတော့ Rose ရှေ့မှာတင် လည်ပင်းဖြတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။

ဒီကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ကြီးကို မြင်လိုက်ရပြီးနောက်ပိုင်း Rose ဟာ Laura ဖြစ်သလို အပြုံးတုတွေ ပြုံးပြနေတဲ့ လူတွေကို သူမကိုယ်တိုင် မြင်ခဲ့ပါတယ်။ ဒီလိုအပြုံးတွေကို မြင်လိုက်ရသူတိုင်းဟာ တစ်ပတ်အတွင်းမှာ ပြုံးနေရင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ကြပါတယ်လို့ Rose က စုံစမ်းသိရှိခဲ့ပါတယ်။

အပြုံးတု ပြုံးပြနေတဲ့ လူတွေကို မြင်ခဲ့ပေမယ့် မသေဆုံးဘဲ အသက်ရှင်ကျန်နေတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။ သူက ဘာကြောင့် ကိုယ့်ကိုယ်ကို မသတ်သေခဲ့တာလဲ? Rose ကရော အပြုံးတုတွေမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားဦးမှာလား?  ဒါမှမဟုတ် ဒီအဖြစ်ဆိုးကြီးကနေ သူမ ရုန်းထွက်နိုင်ပါ့မလား? အပြုံးတုတွေရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်က ဘာလဲ? ဆိုတာကို Smile 2022 မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင့်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအမြည်းကြည့်ရန် - https://bit.ly/3e1NRuB (မြန်မာစာတန်းထိုး)

ဇာတ်လမ်းအပြည့်ကြည့်ရန်  - https://bit.ly/3SELhtt (စာတန်းမထိုးပါ)

 

⇐ Previous Next

Read 1532 times