Entertainment

စိတ်ဓာတ်ကျနေတိုင်း ဖတ်သင့်တဲ့ စာအုပ် (၅) အုပ်

Five Motivational Books

ဆရာကြီး ပီမိုးနင်းက “လူတစ်ယောက်ရဲ့ စရိုက်နဲ့ အလားအလာကို သိချင်ရင် သူ့အားလပ်ချိန်ကို ဘယ်လိုအသုံးချသလဲဆိုတာကိုကြည့်” ဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဒီတစ်ပတ်မှာ သီတင်းကျွတ်ရုံးပိတ်ရက်က (၃) ရက်ရှိတော့ သင်ရော ဒီအားလပ်ချိန်တွေကို ဘာတွေလုပ်ပြီး ကုန်ဆုံးမလဲ?

သီတင်းကျွတ်ရုံးပိတ်ရက်မှာ ခရီးမထွက်ဘဲ အိမ်မှာနေပြီး စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့ ကုန်ဆုံးမယ့် စာဖတ်ဝါသနာအိုးတွေအတွက် စိတ်ဓာတ်ခွန်အားမြှင့်စာအုပ် (၅) အုပ်ကို မျှဝေပေးချင်ပါတယ်။

Covid ရောဂါကြောင့်ရော၊ စီးပွားရေးအကျပ်အတည်းကြောင့်ရော လူတွေတော်တော်များများ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ပြီး စိတ်ဓာတ်ကျစရာတွေအများကြီး ကြုံခဲ့ရမှာပါ။ ဒါကြောင့် ဒီတစ်ပတ်ပိတ်ရက်မှာ အပျင်းလည်းပြေပြီး စိတ်ထွက်ပေါက်ရမယ့် ဒီစာအုပ် (၅) အုပ်ကို ဖတ်ရင်း စိတ်အပန်းဖြေလိုက်ကြနော်။

(၁) သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း)

သင်အတွေးလွန် ပူပန်နေတာတွေကို ရပ်တန့်ပြီး ပြသနာတွေကို အဆုံးသတ်ဖို့ အင်အားဖြစ်စေတဲ့ စာအုပ်လေးဖြစ်ပါတယ်။ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ ထိုးကျနေတဲ့ အချိန်မှာ ဒီစာအုပ်လေးဖတ်ပြီး စိတ်ဓာတ်ခွန်အား ရယူလိုက်ပါ။

(၂) အကြောက်တရားမှလွတ်မြောက်ရေး (အောင်ဆန်းစုကြည်)

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်လောက်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ အချိန်တွင်းမှာ ရေးသားခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်လေးက ကြောက်နေလို့မရဘူး၊ ဒီအကြောက်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ပြီး လွတ်မြောက်ရမယ်ဆိုတဲ့ အမေစုရဲ့ စိတ်ဓာတ်ခွန်အားကို ရရှိစေမယ့် စာအုပ်ဖြစ်ပါတယ်။

(၃) အသေးအဖွဲ့လေးတွေနဲ့ စိတ်ညစ်မနေပါနဲ့ (ဗန်းမော သိန်းဖေ)

ဒီစာအုပ်က အမေရိကန်စာရေးဆရာ Dr.Richard Carlson ရေးတဲ့ “Don’t Sweat the Small Stuff” စာအုပ်ကို ဘာသာပြန်ထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ စာဖတ်သူတွေ ပျော်ရွှင်မှုရအောင်၊ စိတ်ချမ်းသာမှုရအောင်၊ စိတ်ဖိစီးမှုလျော့ကျအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို နည်းလမ်း (၁၀၀) ရေးသားပြုစုထားပါတယ်။

(၄) နှစ်ဆယ့်တစ်ရာစု သားရွှေဥ (ကျော်ဝင်း)

အဆိုးလောကဓံတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ထိုင်ငြီးနေလို့ မပြီးသွားပါဘူး။ တချို့အခက်အခဲ၊ အခြေအနေတွေကို ပြောင်းလဲလို့ မရပေမယ့် ကိုယ့်ရဲ့ နေထိုင်မှု့ပုံစံကိုတော့ ပြောင်းလဲလို့ ရပါတယ်။

ဥပမာ - မိုးရွာတာကို တားလို့မရပေမယ့်၊ မိုးမစိုအောင်တော့ သင်ထီးဆောင်သွားလို့ရပါတယ်။ ဒီစာအုပ်လေးက သင်မလိုချင်ဘဲ သင့်ဆီရောက်လာတဲ့ အခက်အခဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့ ဖတ်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

(၅) သင့်အတွက် တစ်သက်သာဘ၀လမ်းညွှန် (မောင်ဝင့်သူ)

သင့်ဘ၀အတွက် ဆရာတစ်ဆူလို ဆုံးမလမ်းညွှန်းပေးမယ့် ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။ ဘဝအတွက် စာအုပ်တွေအများကြီး မဖတ်ချင်ဘူး၊ လိုတိုရှင်းပဲကြိုက်တယ်ဆိုရင် ဒီစာအုပ်လေးကိုတော့ ဆောင်ထားသင့်ပါတယ်။

 

⇐ Previous Next

Read 1363 times