ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲက နက္ခတ်တာရာပြခန်းကို အာကာသပြတိုက် (ရန်ကုန်) အဖြစ် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတာ စိတ်ဝင်စားဖို့ သိပ်ကောင်းတာကြောင့် သွားရောက်လေ့လာကြရအောင် MY Yangon Guide ရဲ့ မိတ်ဆွေတို့ရေ …
ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နက္ခတ်တာရာပြခန်းကို ၁၉၈၇ ခုနှစ်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်အတွင်း တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံတော်အကြီးအကဲ၏ ခရီးသွားလမ်းညွှန်ချက်ဖြင့် အာကာသနည်းပညာတွေကို လူငယ်တွေ စိတ်ဝင်စားမှု မြှင့်တင်ပေးနိုင်ရန် အာကာသပြခန်း တည်ဆောက်ပြသနိုင်ရေးအတွက် ၎င်းနက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။

နက္ခတ်တာရာပြခန်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ မြန်မာအာကာသအေဂျင်စီ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ယူကာ အာကာသပြတိုက်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာကာသပြတိုက် (ရန်ကုန်)ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အာကာသပြတိုက်(ရန်ကုန်) အဖြစ် အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာတော့ ဆိုလာစနစ်အတွင်းကို စူးစမ်းလေ့လာတဲ့ Deepspace Exploration ပြခန်း၊ အာကာသစခန်းအကြောင်းတွေကို ခင်းကျင်းပြသထားတဲ့ Space Station ပြခန်း၊ ရှေးခေတ်ဂရိပညာရှင်တွေရဲ့ တွေးခေါ်ယူဆချက်တွေ၊ သီအိုရီဖော်ထုတ်မှုတွေနဲ့ ဒုံးပျံတွေရဲ့ သမိုင်းကြောင်းတွေကို ခင်းကျင်းပြသထားတဲ့ ခရုပတ်ပုံစံ လျှောက်လမ်းပြခန်းနဲ့ ကမ္ဘာကြီးဖြစ်တည်မှု သမိုင်းကြောင်း၊ နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုဟ်တွေရဲ့ အကြောင်းတွေနဲ့ စကြာဝဠာအတွင်း လေ့လာတွေ့ရှိထားတဲ့ အကြောင်းအရာတွေကို Dome Video Clip နဲ့ ပြသမဲ့ ပင်မပြခန်းတို့ ပါဝင်တာကြောင့် အာကာသနဲ့ သိပ္ပံပညာ လိုလာသူတိုင်း လေ့လာကြည့်ရှုသင့်ပါတယ်နော်။

မိဘပြည်သူများအနေနဲ့ အာကာသပြတိုက် (ရန်ကုန်) ကို လာရောက် လေ့လာခြင်းအားဖြင့် ရှေးခေတ်ပညာရှင်ကြီးတွေရဲ့ နက္ခတ္တဗေဒဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေ၊ အာကာသနည်းပညာဆိုင်ရာ ဖော်ထုတ်ချက် သီအိုရမ် အကြောင်းတွေ၊ အာကာသနည်းပညာရဲ့ ဆင့်ကဲတိုးတက် ပြောင်းလဲလာမှုတွေကို တစ်နေရာတည်းမှာပဲ စုံလင်စွာ လာရောက်လေ့လာနိုင်ပြီး ဗဟုသုတတွေ တိုးပွားလာမှာဖြစ်ကြောင်း MY Yangon Guide က သတင်းမျှဝေပေးလိုက်ပါတယ်။




Read 84 times