မနက်စောစော လမ်းထလျှောက်ရအောင် …
နေ့စဉ်လိုလို ပိတ်ဆို့နေတဲ့ ယာဉ်ကြောတွေနဲ့ ဆူပူ ရှုပ်ထွေးတဲ့ မြို့ပြနေထိုင်မှုကြားထဲမှာ ရန်ကုန်သူ ရန်ကုန်သားတို့ဟာ ကျန်းမာရေးလုပ်ဖို့၊ ကျန်းမာရေးအညီ နေထိုင်ဖို့အတွက် အခက်အခဲ၊ စိန်ခေါ်မှု စတာတွေ ရှိနေတာပါ။ ဒါပေမဲ့ ငွေကုန်ကြေးကျ မများ၊ အချိန်လည်း တကူးတက မပေးရဘဲ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်မယ်ဆိုရင်တော့ ရှိပါတယ်။ အဲဒါကတော့ မနက်စောစော လမ်းလျှောက်ခြင်းပါပဲ။
အခုဆို ရာသီဥတုက မိုးကုန်လို့ ပွင့်လင်းရာသီကိုလည်း ရောက်ရှိနေပြီဆိုတော့ မနက်ခင်း လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ရန်ကုန်မြို့မှာ ဘယ်နေရာတွေက မနက်စောစော လမ်းလျှောက်ဖို့ အဆင်ပြေလဲ ဆိုတာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ရန်ကုန်မှာ စောစောထပြီး လမ်းလျှောက်မယ်ဆိုရင် အကောင်းဆုံးအချိန်က မနက် ၅ နာရီကနေ ၇ နာရီအထိပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ မြို့တွင်း ကားအသွားအလာတွေ နည်းနေသေးတဲ့အတွက် လေထုညစ်ညမ်းမှု အနည်းဆုံးပါ။ ဒါကြောင့် လေကောင်းလေသန့်ကို အပြည့်အဝ ရှူရှိုက်နိုင်တဲ့အချိန် ဖြစ်ပါတယ်။ နေမပူသေးတဲ့အတွက် ချွေးထွက်များခြင်းမရှိဘဲ သက်သောင့်သက်သာနဲ့ စိတ်လက်ပေါ့ပါးစွာ လေ့ကျင့်ခန်းလုပ်ရင်း လမ်းလျှောက်နိုင်ပါတယ်။ ပြီးတော့ မြို့ပြရဲ့ ဆူညံသံတွေ မစတင်သေးတာကြောင့် ကိုယ်လက်လှုပ်ရှားမှုအပြင် စိတ်ကိုပါ အနားပေးရင်း အာရုံစူးစိုက်နိုင်ချိန်လည်း ဖြစ်ပါတယ်။
မနက်စောစော လမ်းထလျှောက်ခြင်းဟာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ် ဆိုတာ ယုံမှားဖွယ်ရာ မရှိပါဘူး။ မနက်စောစော လမ်းလျှောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
၁။ ကိုယ်ခန္ဓာနှင့် ဇီဝကမ္မစနစ်အတွက်
၂။ စိတ်နှင့် ဦးနှောက်စွမ်းဆောင်ရည်အတွက်
ဒါဆို မနက်စောစော လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပြီးနောက်မှာ ရန်ကုန်မှာ ဘယ်နေရာတွေက လမ်းလျှောက်ဖို့ကောင်းလဲ ဆိုတာကို ဆက်လက်ပြောပေးသွားပါ့မယ်နော် …
မနက်စောစော ရန်ကုန်မြို့မှာ လမ်းလျှောက်ရင်း လေကောင်းလေသန့် ရရှိနိုင်တဲ့ နေရာကောင်းလေးတွေကတော့ -
· အင်းယားကန်ဘောင် - ရေပြင်ကျယ်ကြီးရဲ့ အလှအပကို ကြည့်ရှုရင်း စိတ်အေးချမ်းစွာ ပြေးနိုင်၊ လမ်းလျှောက်နိုင်တဲ့ နေရာတစ်ခုပါ။ ပြည်လမ်းဘက်က တံတားဖြူကန်ဘောင်မှာဖြစ်စေ၊ ကမ္ဘာအေးဘုရားလမ်းက လမ်းနီကန်ဘောင်မှာ ဖြစ်စေ စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်လို့ ရပါတယ်။
· ကန်တော်ကြီးပန်းခြံ - ကျယ်ပြန်တဲ့ ရေပြင်၊ စိမ်းစိုတဲ့ သစ်ပင်တွေနဲ့ ရှုခင်းတွေက စိတ်ကိုကြည်လင်စေမှာပါ။ ပန်းခြံထဲနဲ့ ကန်ပေါ်ဖြတ်ထားတဲ့ တံတားပေါ်မှာ လမ်းလျှောက်နိုင်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်နေကျသူတို့အဖို့ဆို ကန်တော်ကြီးကို တစ်ပတ် လမ်းလျှောက်လို့လည်း ရပါတယ်။
· ပြည်သူ့ဥယျာဉ် - ကျယ်ဝန်းတဲ့ ဥယျာဉ်တွင်း လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး စိမ်းစိုနေတဲ့ သစ်ပင်တွေက အာရုံကို လန်းဆန်းတက်ကြွစေမှာပါ။
· သုဝဏ္ဏဘောလုံးကွင်း - ဘောလုံးကွင်းပတ်ပတ်လည်နဲ့ ဘေးက ဧရိယာတွေမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး လေ့ကျင့်ခန်းများစွာ လုပ်နိုင်မဲ့ နေရာတစ်ခုပါ။ အဆုံးအစမဲ့ မိုးကောင်းကင်ကြီးကို ငေးမောရတာ စိတ်ကြည်နူးစရာ ဖြစ်စေမှာပါ။
အထက်ဖော်ပြပါ နေရာတို့က သွားရတာ ဝေးတယ် ဆိုပါလျှင် မိမိတို့ နေထိုင်ရာ ရပ်ကွက်အတွင်းမှာလည်း မနက်စောစော လမ်းထလျှောက်လို့ ရပါတယ်။ ကိုယ်နေထိုင်ရာ ရပ်ကွက်မျိုးမှာ မနက်ခင်းစောစော လမ်းထလျှောက်တဲ့အခါမှာတော့ တစ်ဦးတည်းလျှောက်ခြင်းထက် အနည်းဆုံး လမ်းလျှောက်ဖော် တစ်ယောက်နဲ့ လျှောက်တာက ပိုကောင်းပါတယ်။ တစ်ဦးတည်းလျှောက်မယ်ဆိုလျှင် မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တို့မှ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထီး သို့မဟုတ် လက်ကိုင်တုတ်တစ်ခုခု ယူဆောင်သွားသင့်ပါတယ်။ ယာဉ်အန္တရာယ်က ကင်းဝေးစေရန်လည်း လမ်းဘေး / ပလက်ဖောင်းပေါ်က လျှောက်ဖို့ လိုအပ်ပါတယ်။
လမ်းလျှောက်တဲ့အခါ ကိုယ့်အတွက် သက်သောင့်သက်သာရှိစေတဲ့ ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ခြင်းက ခြေထောက်နာ၊ ခြေထောက်ကွဲအက်ခြင်းမှ သက်သာစေပါမယ်။ ချွေးစုပ်နိုင်သော ချည်သားစစ်စစ် အဝတ်အထည်များ ဝတ်ဆင်ရင် ပိုပြီး ကောင်းပါတယ်။ လမ်းလျှောက်ပြီးတဲ့အခါ ရေများများ သောက်ဖို့လည်း မမေ့ပါနဲ့နော်။
အနှစ်ချုပ်အားဖြင့် ဆိုရသော် မနက်စောစော လမ်းလျှောက်ခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာစေရုံသာမက စိတ်ကိုပါ ကြည်လင်လန်းဆန်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နေ့စဉ် မနက် ၅ နာရီမှ ၇ နာရီ ကြားမှာ မိနစ် (၃၀) ခန့် အနည်းဆုံး လမ်းလျှောက်ခြင်းဖြင့် သင့်ရဲ့ တစ်နေ့တာကို ကျန်းမာပျော်ရွှင်စွာ စတင်လိုက်ဖို့ MY Yangon Guide က အကြံပေးလိုက်ပါရစေ။
Read 92 times