Things To Do

မီးဘေးကင်းအောင် ဘယ်လို ဂရုပြုနေထိုင်ကြမလဲ

Stay Fire-Safe: Essential Tips for Yangon’s Hot Season

အခုတလော ရန်ကုန်ရဲ့ ရာသီဥတုက အတော်လေး ပူပြင်းခြောက်သွေ့လာသလို တစ်ဖက်မှာလည်း မီးလောင်မှုသတင်းတွေကို ခပ်စိပ်စိပ် ကြားနေရတာကြောင့် အားလုံးလည်း စိုးရိမ်နေကြမှာပါ။ "မီးဆိုတာ ကစားစရာမဟုတ်ဘူးဆိုတဲ့ စကားအတိုင်း ခဏတာ ပေါ့ဆမှုက ဘဝတစ်ခုလုံးကို ပြာကျသွားစေနိုင်ပါတယ်။

 

ဒါကြောင့် မိမိတို့အိမ်မှာ ဘေးကင်းအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်အလက်လေးတွေကို MY Yangon က စုစည်းတင်ပြပေးလိုက်ပါတယ်။

 

၁။ လျှပ်စစ်ပစ္စည်းများကို စနစ်တကျသုံးပါ

အခုလို မီးခဏခဏ ပျက်တတ်တဲ့အချိန်မှာ အန္တရာယ်အရှိဆုံးက မီးပြန်လာချိန်ပါ။

  • အိမ်ပြင်ထွက်ရင် ဖြစ်စေ၊ အိပ်ရာဝင်ရင်ဖြစ်စေ မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်း (Aircon, TV, ရေနွေးအိုးပလပ်တွေကို ဖြုတ်ထားပါ။
  • Power Bank တွေ၊ ဖုန်းတွေကို တစ်ညလုံး အားသွင်းပြီး အိပ်ပျော်မသွားပါစေနဲ့။
  • Extension တစ်ခုတည်းမှာ ဝပ်အားများတဲ့ ပစ္စည်းတွေ အပြုံလိုက် ထိုးသုံးတာမျိုးကို ရှောင်ကြဉ်ပါ။

၂။ မီးဖိုချောင်က သတိထားစရာများ

အိမ်တွင်းမီးလောင်မှု အများစုဟာ မီးဖိုချောင်ကနေ စတင်တတ်ပါတယ်။

  • ဟင်းချက်နေစဉ်အတွင်း တခြားအလုပ်လုပ်တာ (သို့မဟုတ်အပြင်ခဏထွက်တာမျိုး လုံးဝမလုပ်ပါနဲ့။
  • Gas အိုး အသုံးပြုသူများအနေနဲ့ အသုံးပြုပြီးတိုင်း ဗား (Valve) ကို သေချာပိတ်ပါ။ ပိုက်လိုင်းတွေ ပေါက်နေသလားဆိုတာကို ဆပ်ပြာရေနဲ့ စစ်ဆေးကြည့်ပါ။
  • ဖယောင်းတိုင် ဒါမှမဟုတ် အမွှေးတိုင် ထွန်းထားရင် လေတိုက်လို့ လဲကျမသွားနိုင်တဲ့ နေရာမျိုးမှာပဲ ထားပါ။

၃။ အမှိုက်နဲ့ ခြောက်ကပ်နေတဲ့ သစ်ရွက်များ

အိမ်ဝင်းအတွင်းမှာ သစ်ရွက်ခြောက်တွေ၊ အမှိုက်တွေ စုပုံမနေပါစေနဲ့။

  • ဆေးလိပ်သောက်တတ်သူတွေအနေနဲ့ ဆေးလိပ်တိုကို သေချာမငြှိမ်းဘဲ အမှိုက်ပုံထဲ ပစ်တာမျိုးကနေ မီးစတင်လောင်ကျွမ်းတတ်ပါတယ်။
  • အမှိုက်မီးရှို့မယ်ဆိုရင်လည်း လေပြင်းတိုက်တဲ့အချိန်မျိုးမှာ မရှို့ဖို့နဲ့ လူကိုယ်တိုင် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

၄။ အရေးပေါ်အတွက် ကြိုတင်ပြင်ဆင်ပါ

"မဖြစ်ခင်က ကာကွယ်ဆိုတဲ့အတိုင်း အိမ်မှာ အရေးပေါ်အတွက် ပြင်ဆင်ထားသင့်ပါတယ်။

  • အိမ်တိုင်းမှာ မီးသတ်ဆေးဘူး အနည်းဆုံး တစ်ဘူး ထားရှိပြီး အသုံးပြုပုံကို မိသားစုဝင်တိုင်း သိအောင် သင်ထားပါ။
  • အရေးပေါ်ထွက်ပေါက်ကို ပစ္စည်းတွေနဲ့ ပိတ်မထားပါနဲ့။
  • အနီးဆုံး မီးသတ်စခန်း ဖုန်းနံပါတ် ကို ဖုန်းထဲမှာ Save ထားဖို့ လိုသလို အိမ်သားအားလုံး မြင်သာမယ့် နေရာမှာလည်း စာရွက်နဲ့ရေးပြီး ကပ်ထားပါ။

 

MY Yangon ရဲ့ အကြံပြုချက် - မီးဘေးဆိုတာ "သူ့အလှည့်၊ ငါ့အလှည့်မဟုတ်ဘဲ "ငါ့အလှည့် မဖြစ်အောင်အားလုံးက ဝိုင်းဝန်းသတိထားကြရမှာပါ။ ကိုယ့်အိမ်မှာတင်မကဘဲ ပတ်ဝန်းကျင်မှာလည်း မီးဘေးအန္တရာယ်ရှိတာတွေ့ရင် ဝိုင်းဝန်းသတိပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

 

အားလုံးပဲ မီးဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။

⇐ Previous

Read 43 times