Health & Beauty

လူတိုင်းကြောက်ကြတဲ့ တနင်္လာနေ့ကို မကြောက်အောင် လုပ်သင့်တဲ့ အရာတွေ

Things to do on Monday that everyone is afraid of

တနင်္လာနေ့ဟာ ရုံးသမားတွေအတွက်တော့ မရောက်ချင်ဆုံး နေ့တစ်နေ့ပါပဲ။ တနင်္ဂနွေနေ့ညရောက်တိုင်း တနင်္လာနေ့ကို ကြိုတွေးပြီး စိတ်မအီမသာဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာ လွဲချော်မှုတစ်ခု ဖြစ်တယ်ဆိုရင် တစ်ပတ်လုံး အလွဲလွဲအချော်ချော် ဖြစ်တတ်တယ်လို့လည်း ဆိုကြပါတယ်။

ဒီတော့ တစ်ပတ်တာလုံး အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ တနင်္လာနေ့မှာ ပြုလုပ်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

စောစောထပါ။

အလုပ်သွားဖို့ အပျင်းတစ်ပြီး အိပ်ယာထနောက်ကျမယ်ဆိုရင် တစ်နေကုန် လုပ်ရမယ့် အလုပ်တွေမှာ အလျင်စလိုတွေ လုပ်ရပြီး ရုံးနောက်ကျတာမျိုး ဖြစ်တတ်ပါတယ်။ မနက်စောစောထဖို့ ညဘက်စောစော အိပ်ဖို့လည်း အရေးကြီးပါတယ်နော်။


ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ပိတ်ရက်မှာ နောက်ကျတဲ့အထိ အိပ်ပြီး တနင်္လာနေ့မှ အစောကြီး ပြန်ထရတဲ့အခါ လူကအိပ်ချင်မူးတူးနဲ့မို့ ထုံထိုင်းနေတတ်ပါတယ်။ ဒါကြောင့် ရေမချိုးခင် လန်းလန်းဆန်းဆန်းဖြစ်အောင် ၅မိနစ် သို့မဟုတ် ၁၀မိနစ်လောက် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။


မနက်စာ စားပါ။

မနက်စာ စားပြီးမှ ရုံးသွားတာဟာ တစ်နေ့တာ ခွန်အားအတွက် အများကြီးအထောက်အကူပြုစေ သလို ကျန်းမာရေအတွက်ပါ ကောင်းမွန်တဲ့ အလေ့ကတယ်။ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်မယ့်အပြင် ထမင်းစားချိန်မရောက်ခင် ဗိုက်ဆာလာလို့ စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး မကြုံရတော့ဘူးပေါ့။

တစ်နေ့တာ အလုပ်အတွက် Plan ချပါ။

ပိတ်ရက်တွေ ကြားခံပြီး ရုံးပြန်တက်ရတဲ့အခါ အရေးတကြီး လုပ်ဆောင်ရမှာတွေကို မေ့နေတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်စာအတွက် ဦးနှောက်ကို Recall ပြန်ခေါ်တဲ့အနေနဲ့ ရုံးသွားတဲ့ လမ်းမှာဖြစ်ဖြစ်၊ ရုံးရောက်ရောက်ချင်းမှာ ဖြစ်ဖြစ် ဒီနေ့ဘာတွေလုပ်ရမယ် စသဖြင့် ကြိုတင်စဉ်းစားပြီး Plan ချသွားပါ။


လုပ်ဖော်ကိုင်ဖက်များနဲ့ စကားစမြည် ပြောဆိုပါ။

တစ်ယောက်ထဲ အကြာကြီး အလုပ်ထိုင်လုပ်ရတဲ့အခါ ပင်ပန်းပြီး ညောင်းညာလာတတ်ပါတယ်။ မရပ်မနား အလုပ်လုပ်နေတာထက်၊ Task တစ်ခုပြီးတိုင်း ၅မိနစ်လောက် ဦးနှောက်အနားပေးရင်း လုပ်ဖော်ကိုင်ဖက်များနဲ့ ခဏလောက်ဖြစ်ဖြစ် စကားပြောဆိုတာဟာ နောက်လုပ်ရမယ့် Task တွေအတွက် အာရုံစူးစိုက်မှု ပိုရနိုင်သလို အိပ်ငိုက်တာမျိုး၊ အညောင်းမိတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူးနော်။

တစ်နေ့အလုပ် တစ်နေ့ ဖြတ်နိုင်အောင် ကြိုးစားပါ။

တနင်္လာနေ့မှာကတည်းက အလုပ်တွေ ကျန်နေပြီဆို နောက်နေ့တွေမှာ ဒီထက်အလုပ်ပို များလာနိုင်ပါတယ်။ အလုပ်တွေ ပုံလာတဲ့အခါ တစ်ပတ်လုံးမှာ ဝန်ပိပြီး စိတ်အနှောက်အယှက် ဖြစ်ရသလို လုပ်ငန်းခွင်မှာ ရတဲ့ Stress Level ကလည်း တစ်နေ့တစ်ခြား မြင့်လာနိုင်ပါတယ်နော်။ ဒါ့ကြောင့် ဒီနေ့လုပ်ရမယ့်အလုပ်ကို ဒီနေ့ပြီးအောင်လုပ်ပြီး ဝန်ပေါ့အောင် လုပ်သင့်ပါတယ်။

တနင်္လာနေ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းပြီးရင်တော့ နောက်နေ့တွေအတွက် စောစောအိပ်ပြီး စောစောထဖို့ မမေ့ပါနဲ့နော်။ ဒါမှ တနင်္လာနေ့တင်မဟုတ်ဘဲ နေ့တိုင်းအတွက် စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ Happy Working Day ပါရှင်။

⇐ Previous Next

Read 1436 times