Entertainment

ခေတ်လူငယ်တွေရဲ့ စိတ်ဓာတ်အလှတရားကို ထင်ဟပ်စေတဲ့ True Beauty K Drama

True Beauty K Drama

အခုတလော လူငယ်တွေကြား ရေပန်းစားနေတဲ့ ကိုရီးယားဒရမ်မာလေးတစ်ခု ရှိပါတယ်။ K Drama ချစ်သူ လူငယ် မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ စိတ်ဝင်တစား ကြည့်ရှုလျက်ရှိတဲ့ Webtoon ထဲက ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒရမ်မာနာမည်က True Beauty ပါ။

 

ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားနိုင်ငံက State ကျောင်းသား၊ ကျောင်းသူတွေရဲ့ အခြေခံ အမူအကျင့်တွေ၊ လူငယ်တွေရဲ့ စိတ်နေစိတ်ထားတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ ကွာဟချက်တွေကို ပေါ်လွင်အောင် ပြသထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ 

 

 

ဒီဇာတ်လမ်းတွဲလေးမှာ အဓိက သရုပ်ဆောင်တွေကတော့ Main Lead အနေနဲ့ Cha EunWoo နဲ့ Moon GaYoung က ပါဝင်ထားပြီး Second Lead အနေနဲ့ Hwang In Yeop က ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်။ 

 

ဇာတ်လမ်းပုံစံလေးကတော့ မိတ်ကပ်လိမ်းထားရင် အလှနတ်ဘုရားမလေးအသွင် ပြောင်းသွားပြီး၊ မိတ်ကပ်မလိမ်းထားရင်တော့ ရုပ်ဆိုးဆိုးကောင်မလေးအဖြစ် မြင်တွေ့ရမယ့် အင်ဂျူဂယောင်း (Moon GaYoung)၊ အေးစက်စက်နှလုံးသားပိုင်ရှင် ကျောင်းရဲ့ King အီဆူဟို (Cha EunWoo) နဲ့ မိန်းကလေးတိုင်း ကြွေရတဲ့ ဂျစ်ကန်ကန် ကောင်ဆိုးလေး ဟန်ဆောဂျွန်း (Hwang In Yeop) တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ 

 

ငယ်ငယ်က ရုပ်ဆိုးလို့ အမြဲတမ်းအနိုင်ကျင့်ခံ၊ အမုန်းခံရတဲ့ အင်ဂျူဂယောင်းဟာ မိတ်ကပ်အကြောင်းကို သေချာလေ့လာပြီးတဲ့နောက် ဆယ်ဘုန်း (Saebom) အထက်တန်းကျောင်းမှာ  ကျောင်းပြောင်း ကျောင်းသူသစ်လေးအဖြစ်နဲ့ ဘဝအသစ် စတင်ခဲ့ပါတယ်။ 

သူမရဲ့ Before and  After Makeup က အများကြီး ကွာခြားမှုရှိပေမယ့်လည်း မိတ်ကပ်လိမ်းထားတဲ့အချိန်ဆို ယုံကြည်ချက်ရှိပြီးတော့ သူမရဲ့ Social Media Account မှာလည်း အလှဆုံး နတ်ဘုရားမအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ 

 

 

ဒါပေမယ့် အီဆူဟိုကတော့ အင်ဂျူဂယောင်းရဲ့ Bare Face ကို မြင်ထားဖူးတဲ့ ကျောင်းထဲက တစ်ဦးတည်းသောသူပါ။ အီဆူဟိုက ရုပ်ချောပြီး Cool ဖြစ်တဲ့စတိုင်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းကတော့ အရမ်းကြင်နာတတ်ပြီး ရှက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ 

 

အရမ်းရင်းနှီးရတဲ့ သူငယ်ချင်းဖြစ်သူ ဆယ်ယွန်းကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ်ရာကိုလည်း ရင်ထဲအကြာကြီး ထွေးပိုက်ထားပြီး နေထိုင်နေတဲ့သူပါ။ သူငယ်ချင်းဖြစ်သူ ဟန်ဆောဂျွန်းရဲ့ နာကျည်းအပြစ်တင်မှုကိုလည်း အမြဲခံနေရသူ ဖြစ်ပါတယ်။ 

 

ဟန်ဆောဂျွန်ကတော့ မော်ဒယ်တစ်ယောက်လို ရုပ်ရည်ချောမောပြီး Idol-trainee တစ်ဦးလည်းဖြစ်တဲ့ ကျောင်းရဲ့ Star ပါ။ ဟန်ဆောဂျွန်က ဂန်းစတားတွေနဲ့ ပေါင်းနေတယ်လို့ သတင်းဆိုး ထွက်ပေမယ့် တစ်ကယ်တော့ သူက နေမကောင်းဖြစ်နေတဲ့ အမေနဲ့ ငယ်သေးတဲ့ညီမ ဖြစ်သူကို စောင့်ရှောက်ပေးနေတဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။

 

ဟန်ဆောဂျွန်ကတော့ ဆူဟိုရယ်၊ ဆယ်ယွန်းတို့ရယ်နဲ့ အရင်တုန်းက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပေမယ့် ဆယ်ယွန်း မတော်တဆ သေဆုံးသွားပြီးနောက် ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့ စိတ်နဲ့ လက်ရှိဆူဟိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေကြတဲ့ အခြေအနေပါ။ 

 

 

အဓိက သရုပ်ဆောင်တွေအပြင် ဂန်ဆူဂျင်ဆိုတဲ့ ကျောင်းသူတစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့  Make Up, Filter, Photoshop ဘာတစ်ခုမှ မလိုအပ်ဘဲ သဘာဝအလှတရားနဲ့ ပြည့်စုံတဲ့ ကျောင်းရဲ့ အလှနတ်ဘုရားမလေး တစ်ဦး ဖြစ်ပါတယ်။ 

 

သူမဟာ ဖိနှိပ်ခံရတဲ့ မိသားစုမှာ နေထိုင်နေရပေမယ့်လည်း အပြင်ပန်းမှာတော့ အမြဲတမ်း အဆင်ပြေချင်ယောင် ဆောင်နေတဲ့သူ တစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ ဂျူဂယောင်း၊ ဆူအာတို့နဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ 

 

ဒီလိုမျိုး ရုပ်ဆိုးမလေး တစ်ဖြစ်လဲ အလှနတ်ဘုရားမလေးနဲ့ ကျောင်းရဲ့ ရုပ်အချောဆုံးနဲ့ နာမည်အကြီးဆုံး ကောင်လေး (၂)ယောက်တို့ ဆုံကြတဲ့အခါ သူတို့ရဲ့ ရင်ထဲက တစ်ကယ့်အလှတရားက ဘာလဲ၊ ရုပ်ဆိုးမလေး ဂျုဂယောင်းကရော သူ့ရဲ့ မူလမျက်နှာပုံစံကို ဘယ်အချိန်အထိ ဖုံးကွယ်ထားနိုင်မှာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ဟာသနှောထားတဲ့ Sense တွေကိုပါ ထည့်သွင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ 

 

 

ဒီဇာတ်လမ်းတွဲဟာ TvN ရဲ့ Ongoing Series တစ်ခုဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်နော်။ K Drama ပရိတ်သတ်တွေလည်း ဒီဇာတ်လမ်းတွဲလေးကို မကြည့်ရသေးဘူးဆိုရင် အပျင်းပြေ ကြည့်ရင်း ကိုယ့်ရဲ့ ထင်မြင်ချက်တွေကိုလည်း Comment Box မှာ မျှဝေပေးခဲ့ဦးနော်။

⇐ Previous Next

Read 3544 times