Health & Beauty

ရန်ကုန်ဆောင်းညတွေ

Yangon's Winter Nights

ဟိတ် … ရန်ကုန်ဆောင်းညတွေ ရောက်လာပြီနော်

ညဘက်မှောင်စပျိုးချိန်က စပြီး လမ်းမကြီးတွေရဲ့ ပလက်ဖောင်းတွေမှာ လေအေးတွေ တိုက်နေပြီ ရန်ကုန်သူ ရန်ကုန်သားတို့ရေ

ဒီဘက်ခေတ်ရဲ့ ရန်ကုန်ဆောင်းဆိုတာ တချို့ အရပ်ဒေသတွေမှာလို အရမ်းကြီး အေးစက်နေတာမျိုး မဟုတ်ပေမဲ့ ဒီရက်ပိုင်း မနက်ဝေလီဝေလင်း ခပ်စောစောနဲ့ ညခင်းအချိန်တွေမှာ လေအေးလေးတွေ သိသိသာသာ စတင် တိုက်ခတ်လာပါပြီ။ မိုးအကုန် ဆောင်းအကူး ကာလလေးဖြစ်လို့ ဒီကာလရဲ့ ညဘက်တွေဟာ ရန်ကုန်သူ ရန်ကုန်သားတို့အတွက် စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ နေချင့်စဖွယ် အကောင်းဆုံး အချိန်တစ်ခုပါပဲ။

အရင်က ပူအိုက်စိုစွတ်တဲ့ ညတွေမှာ ချွေးတလုံးလုံးနဲ့ ဖြတ်သန်းခဲ့ရတာ ဘယ်လောက်မှ မကြာသေးပေမဲ့ အခုဆိုရင် Hoodie ပါးပါးလေးတွေ၊ ကုတ်အင်္ကျီလေးတွေ ဝတ်ပြီး ဂျင်းဘောင်းဘီနဲ့ ရှူးဖိနပ်လေးစွတ်ကာ အပြင်ထွက်လို့ ကောင်းတဲ့ အချိန်မျိုး ဖြစ်လာပါပြီ။ ဒီလို အေးမြမြ ညလေးတွေမှာ သူငယ်ချင်းတွေနဲ့အတူ လမ်းဘေး လက်ဖက်ရည်ဝိုင်း ထိုင်တာဖြစ်ဖြစ်၊ ပူပူလောလော မာလာရှမ်းကော နဲ့ အကင်ဆိုင်တွေမှာ ဘီယာလေးမော့ရင်း စားသောက်ကြတာဖြစ်ဖြစ်က ပိုပြီး အရသာ ရှိစေပါတယ်။ ဒီကာလ ညဘက် လမ်းလျှောက်ရတာလည်း လေတိုက်လို့ နေလို့ကောင်းသလို အိပ်ချိန်ကျတော့ စောင်လေးခြုံပြီး ကွေးရတာလည်း သိပ်ဇိမ်ကျတဲ့ အချိန်ပါပဲ။

ရန်ကုန်ဆောင်းညတွေ

ဒါကြောင့် တိုတောင်းလှတဲ့ သူမနဲ့ ခင်ဗျားရဲ့ RS လိုပဲ သိပ်ကြာကြာမအေးတဲ့ ရန်ကုန်ဆောင်းရဲ့ အေးမြမှုကို ရရှိချိန် ခဏတာမှာ အပြည့်အဝ ခံစားလိုက်ကြပါစို့နော် Yangoners တို့ရေ။ လေအေးတွေကြောင့် အအေးမမိစေဖို့လည်း ဂရုစိုက်ကြပါလို့ မှာကြားလိုက်ပါရစေ။ နွေးနွေးထွေးထွေး ရှိဖို့ လိုအပ်ပါတယ်။ သောက်တတ်သူများအနေနဲ့လည်း ကိုယ့်ဘက်ပါနေတဲ့ ရာသီဥတုမှာ တော်ရုံသင့်ရုံ အချမ်းပြေလေးသောက်ကြဖို့ MY Yangon က မိတ်ဆွေတို့ ကျန်းမာရေးကို အလေးထားပြီး တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်ဆောင်းညလေးတွေမှာ စိတ်လက်ကြည်နူးပြီး အေးချမ်းစွာနဲ့ ကျန်းမာပကတိရှိကြပါစေလို့ MY Yangon က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

⇐ Previous Next

Read 24 times