Things To Do

တစ်ချိန်က အာရှနိုင်ငံတွေရဲ့ ကျောင်းသားတိုင်း တက်ရောက်ချင်ခဲ့တဲ့ မြန်မာနိုင်ငံက ရန်ကုန်တက္ကသိုလ်

Yangon University

ရန်ကုန်တက္ကသိုလ်ရယ်လို့ ဆိုလိုက်ရင် အင်းလျားကန်းဘောင်ရှေ့၊ ကျောင်းဝန်းထဲက ဘွဲ့နှင်းသဘင် ခန်းမကြီးနဲ့ သစ်ပုတ်ပင်ကြီးကို အရင်ဆုံး ပြေးမြင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ (၁၉၂၀)ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ လက်ရှိမှာ နှစ်(၁၀၀)သက်တမ်း ရှိနေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ 

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်  ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပမည် – YANGON STYLE

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော တက္ကသိုလ်တစ်ခု ဖြစ်တဲ့အပြင် အရှေ့တောင်အာရှရဲ့ အစောဆုံး တက္ကသိုလ်များထဲမှာလည်း ပါဝင်ပါတယ်။ အဲ့ဒီခေတ်က ကမ္ဘာ့အဆင့်အတန်းမှီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့တာကြောင့် အရှေ့တောင်အာရှသားတိုင်းလိုလို တက်ခွင့်ရချင်ခဲ့တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ 

ရန်ကုန်တက္ကသိုလ်ရဲ့  မူလအစက သမိုင်းကြောင်း အနည်းအငယ်ကိုလည်း ယနေ့ခေတ် လူငယ်တွေအတွက် ဗဟုသုတရဖွယ် ပြောပြပေးချင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စတင်တည်ထောင်ခါစတုန်းက တက္ကသိုလ်တစ်ခု မဟုတ်သေးပါဘူးတဲ့။ 

Yangon University | University of Yangon

(၁၈၇၈)ခုနှစ်မှာ ဗြိတိသျှ-အိန္ဒိယရှိ ကာလက္ကတား တက္ကသိုလ်ရဲ့ လက်အောက်ခံ ကောလိပ်တစ်ခုအဖြစ် ရန်ကုန် ကောလိပ်ဆိုပြီး တည်ထောင်ခဲ့တာပါ။ (၁၉၀၄) ခုနှစ်မှာတော့ အစိုးရကောလိပ်လို့ အမည်ပြောင်းခဲ့ပြီး၊ (၁၉၂၀) ခုနှစ်မှာမှ ယူနီဗာစီတီ ကောလိပ်နဲ့ ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဆိုပြီး ဖြစ်လာခဲ့တာပါ။ 

ဒါကြောင့်မို့လို့ (၁၉၂၀)ခုနှစ်ကနေ စတင်ပြောင်းလဲ ဖြစ်တည်လာတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀)ပြည့်နှစ်မှာမှ နှစ်(၁၀၀)တိတိ ပြည့်ခဲ့တာပါ။ အဲ့ခေတ်တုန်းက ယူနီဗာစီတီကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်ဟာလည်း မတူပါဘူးတဲ့။ 

Did you know this year marks the 100th anniversary of Yangon University? -  MYANMORE

ယူနီဗာစီတီ ကောလိပ်ဆိုတာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်ကတော့ နှစ်ခြင်းခရစ်ယာန် သာသနာ အခြေပြု ကျောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ ကိန်းဘရစ်ချ် တက္ကသိုလ်တို့ရဲ့ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

(၁၉၄၀)နဲ့ (၁၉၅၀) ခုနှစ်တွေမှာ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှအဆင့်မှာလည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့တာကြောင့် အခြား အာရှနိုင်ငံတွေရဲ့ ကျောင်းသားများကပါ မြန်မာနိုင်ငံအထိ လာရောက် ပညာဆည်းပူးခဲ့ရတဲ့ တက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ 

Ancient cars in Rangoon, Burma, 1983 | When Burma expelled f… | Flickr

ယခင်က ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ကြတဲ့ ကျောင်းသားတွေဟာ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းကိုသာ အသုံးပြုကြရတာဖြစ်ပြီး အဲ့ဒီခေတ်က ခေတ်ပညာတတ်မြန်မာ ကျောင်းသားတွေဟာလည်း အင်္ဂလိပ်စာကို အင်မတန် ကျွမ်းကျင်ခဲ့ကြပါတယ်တဲ့။ 

(၁၉၆၂)ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ သိသိသာသာ နိမ့်ကျလာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုခြင်းကလည်း တစ်ဖြည်းဖြည်းရပ်တန့်လာခဲ့တာ အခုလက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ယခင်က ကျောင်းအတွင်းရှိခဲ့တဲ့ ဆေးပညာ၊ ဘောဂဗေဒနဲ့ ပညာရေးဌာနတွေကို သီးခြားကျောင်းတွေ အဖြစ် ခွဲထုတ်ပြီးတဲ့နောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ သာမန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တစ်ခုသာ ဖြစ်လာခဲ့ပါတယ်။ 

Some Memories Of Yangon University In The 1920s - Global New Light Of  Myanmar

ပြီးခဲ့တဲ့ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီး ရန်ကုန် တက္ကသိုလ်ဟာ အချိန်အကန့်အသတ်မရှိ ပိတ်ထားခြင်း ခံခဲ့ရပြီး (၂၀၁၃) ခုနှစ် ဒီဇင်ဘာလမှာတော့ COE ဆိုပြီး ဘွဲ့ကြိုသင်တန်းတွေ ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပုံမှန် စာသင် တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 2668 times