Food & Drink

ရန်ကုန်မြို့ရဲ့ လူကြိုက်များတဲ့ သက်တမ်းရင့် ထမင်းကြော်ဆိုင် (၁၀) ဆိုင်

10 Fried Rice Food Stalls in Yangon

မနက်စာကို ထမင်းပါမှ စားတတ်သူတွေ ရှိကြာလားဝေ့? မနက်ခင်းမှာ ထမင်းကြော်ကို အဆာပြေ စားချင်သူတွေ၊ ညဘက်မှာ ထမင်းကြော် စားရင်း ဗိုက်အ၀ ဖြည့်ချင်သူတွေအတွက် အဆင်ပြေအောင် ဒီတစ်ပတ်မှာတော့ ဆယ်နှစ်ကျော်အထက် သက်တမ်းရှိပြီး လူကြိုက်များတဲ့ ရန်ကုန်မြို့ထဲက ထမင်းကြော်ဆိုင်လေး (၁၀) ဆိုင်ကို ဝေမျှပေးသွားပါမယ်။ ဒီဆိုင်တွေအားလုံးက လမ်းမပေါ်မှာ တစ်နိုင်တစ်ပိုင် ဖွင့်ထားတဲ့ ထမင်းကြော်ဆိုင်လေးကနေ နာမည်ကြီးခဲ့ပြီး ယခုထိတိုင် လက်ရာထိန်းထားနိုင်ဆဲဖြစ်တဲ့ ဆိုင်တွေလည်း ဖြစ်ပါတယ်။

၁။ ဖက်တီးမ ထမင်းကြော်

၁၉၉၇ ခုနှစ်တည်းက ထမင်းကြော်နဲ့ ဟင်းပေါင်းစုံကို ရောင်းချလာခဲ့တာ အခုဆို နှစ်ပေါင်း (၂၀) ကျော် ရှိခဲ့ပါပြီ။ မြို့ထဲဘက် Night out ထွက်ဖြစ်ရင် ဒီဆိုင်လေးမှာ ထမင်းကြော်နဲ့ ဆိတ်စွပ်ကိုတော့ ရအောင် သွားစားကြည့်ပါ။ သူ့ဆီမှာ ထမင်းကြော်အပြင် ဟင်းအမျိုးပေါင်း (၃၀) နီးပါး ရွေးချယ်စရာ ရှိပါတယ်။ ဆိုင်ကတော့ ညနေ (၆) နာရီကနေ ည (၁၁) နာရီလောက်အထိ ဖွင့်ပါတယ်။ 

၁၇ လမ်းထိပ်နှင့် အနော်ရထာလမ်းထိပ်၊ လသာမြို့နယ်။

၂။ ဦးနှုတ်ခမ်းမွှေး ထမင်းကြော်

စမ်းချောင်းကလူတွေဆို ဒီဆိုင်ကို သိပြီးသားဖြစ်မှာပါ။ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်တဲ့အတွက် ဒီဆိုင်ရဲ့ သက်တမ်းက နှစ်ပေါင်း (၄၀) ကျော်ပါပြီ။ ဒီဆိုင်က ဆန်ကို အကောင်းဆုံး သုံးသလို ဟင်းပွဲတွေမှာဆို ဝက်သား၊ အမဲနှပ်၊ ဆိတ်ဦးနှောက်တို့က ဆိုင်ရဲ့ လူကြိုက်အများဆုံး ဟင်းလျာတွေဖြစ်ပါတယ်။ ဒဆိုင်ကတော့ မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဖွင့်ပါတယ်။ 

အမှတ် ၃၂ ၊ မြေညီထပ်၊ ဖျာပုံလမ်း၊ စမ်းချောင်းမြို့နယ်။

၃။ တာမွေထမင်းကြော်

ဒီထမင်းကြော်ဆိုင်ကတော့ စောစောထတတ်တဲ့သူတွေပဲ စားခွင့်ကြုံရမယ့် ဆိုင်ပါ။ ဘာလို့လဲဆိုရင် မနက် (၅) နာရီခွဲကနေ (၁၀) နာရီအထိပဲ ဆိုင်ဖွင့်လို့ပါ။ ဒီဆိုင်ကလည်း နှစ်ပေါင်း (၄၀) ကျော်ကြာအောင် ရပ်တည်နိုင်ခဲ့တဲ့ သက်တမ်းရင့် ထမင်းကြော်ဆိုင် ဖြစ်ပါတယ်။

ဒီဆိုင်မှာ ဟင်းပွဲပေါင်း အမျိုး (၂၀) ကျော်ရှိပြီး ဝက်ချို၊ အမဲသား၊ ကြက်ကြော်၊ ဆိတ်သား၊ ကြက်အူချောင်းကြော်၊ ဝက်ကြော်၊ အမဲကြော်၊ ငါးကြော်၊ ငါးမွှေ၊ ဘဲဥ စတာတွေကို ထမင်းကြော်၊ ဂေါ်ဖီချဥ်၊ ငရုတ်သီးကြော်နဲ့ တွဲဖက်စားသုံးရတာကို စားသုံးသူတွေ အကြိုက်တွေ့ကြပါတယ်။ 

အမှတ် ၂၁/၄၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေအဝိုင်းအနီး၊ တာမွေမြို့နယ်။

၄။ ဆင်မလိုက်ဦးကျော်

ထမင်းကြော်ကို ဝက်အငံချက်လေးနဲ့မှ ခံတွင်းတွေ့တာဆိုရင်တော့ ဆင်မလိုက်ဦးကျော်ဆိုင်ကိုသာ သွားလိုက်ပါ။ ၁၉၉၈ ခုနှစ်တည်းက စဖွင့်ခဲ့တာဆိုတော့ အခုဆိုရင် ဆိုင်ရဲ့ သက်တမ်းက နှစ် (၂၀) ကျော်ပါပြီ။ သူများဆိုင်တွေလိုတော့ ထမင်းကြော်နဲ့ တွဲစားစရာ ဝက်အငံချက်ကလွဲပြီး တခြားဟင်း မရှိပါဘူး။

ဒီဆိုင်မှာ ဝက်သားနဲ့ပတ်သက်လို့ ဝက်သား၊ ဝက်အူပိတ်၊ အူချို၊ အူပွ အပါအ၀င် ကလီစာအစုံနဲ့ ဘဲဥတို့ကို ရောချက်ထားတဲ့ ဝက်အငံချက်ဟင်းကို ထမင်းကြော်၊ သခွားချဥ်၊ ကြက်သွန်ချဥ်လေးတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ညနေ (၄) နာရီကနေ ‌ည (၈) နာရီခွဲအထိ ဆိုင်ဖွင့်ပါတယ်။

ဆင်မလိုက် (၅) ရပ်ကွက်၊ ဆရာစံလမ်းနှင့် အုန်းတောဘုရားလမ်းထောင့်ရှိ ကိုးန၀င်းကပ်ကျော်စေတီနား၊ ကမာရွတ်မြို့နယ်။

Advertisement

Click Here > Shwe Byain Phyu

၅။ ဂွတ်ရှယ်ထောပတ်ထမင်းကြော်

ဘဲဥတစ်ခြမ်းနဲ့ ထမင်းကြော်တစ်ပွဲကိုမှ ၈၀၀ ကျပ်နဲ့ ရောင်းချပေးနေတဲ့ ကျောက်မြောင်းထဲက ဆိုင်လေးပါ။ တွဲဖက်စားတဲ့ ဟင်းပေါ်မူတည်ပြီးတော့ စျေးနှုန်းအစားအစား ရှိပါတယ်။ ထောပတ်နံ့မွှေးမွှေးလေးနဲ့ ထမင်းကြော်ကို အသားဟင်းနဲ့ တွဲဖက်စားမှ ၁,၂၀၀၊ ၁,၃၀၀ ကျပ်လောက်ပဲ ပေးရပါတယ်။ ရွေးချယ်စရာ ဟင်းတွေကတော့ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ငါးဖယ်၊ ဘဲဥ ရပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လယ် (၁၁) နာရီကနေ ည (၁၁) နာရီအထိ ဖြစ်ပါတယ်။ 

ကျောက်မြောင်း၊ မဂ္ဂင်လမ်းနှင့်  သတိပဌာန်လမ်းထောင့်၊ တာမွေမြို့နယ်။

၆။ ကရင်မဝက်အူစုံထမင်းကြော်

ဆင်မလိုက်ကို ရောက်ပြီဆိုရင် Foodie တွေကြား နာမည်ကြီးတဲ့ နောက်ထပ် ထမင်းကြော်ဆိုင်က ဝက်အူစုံအိုးကြီးနဲ့ ချရောင်းတဲ့ မကရင်မ ထမင်းကြော်ဆိုင်ပါ။ ဒီဆိုင်မှာ ဝက်သား၊ အူစုံ၊ အသဲစုံ၊ ကလီအစုံကို ပဲငံပြာရည်နဲ့ အချိုချက်ထားတဲ့ ဝက်သားဟင်းအိုးကြီး ရှိပါတယ်။

ထမင်းကြော်နဲ့ တွဲစားဖို့ အဲ့အိုးထဲကနေ ကိုယ်ကြိုက်တာ ရွေးရုံပါပဲ။ ဒီဆိုင်လေးမှာ ဝက်အူစုံထမင်းအပြင် ၀က်သားကောက်ညှင်းထုပ်၊ ၀က်သားလိပ်၊ ၀က်သားလုံးကြော်တွေကလည်း စျေးတန်ပြီး စားလို့ကောင်းပါတယ်။ ဆိုင်ကိုတော့ မနက် ၆ နာရီကနေ စဖွင့်ပြီး ညနေ ၃ နာရီမှ ပိတ်ပါတယ်။

ဆရာစံလမ်းမပေါ်၊ ဆင်မလိုက်အဝေးပြေးမှတ်တိုင်အနီး၊ မီးသတ်ရုံးမျက်စောင်းထိုးနား၊ ကမာရွတ်မြို့နယ်။

၇။ သမိုင်း 333 ထမင်းကြော်

သမိုင်း 333 ထမင်းကြော်ဆိုင်လို့ ပြောလိုက်ရင် သူ့ဆိုင်က နာမည်ကြီး ဝက်ပေါင်းဟင်းကိုပါ တွဲမြင်ကြမယ် ထင်ပါတယ်။ ၂၀၁၀ ခုနှစ်တည်းက စားသုံးသူ အခိုင်အမာ ရရှိထားတဲ့ ဒီဆိုင်လေးရဲ့ သက်တမ်းကတော့ (၁၀) နှစ်ကျော်ပါပြီ။

ဒီဆိုင်မှာ ထမင်းကြော်နဲ့ တွဲစားဖို့ ကြက်ပေါင်း၊ ဝက်ပေါင်း၊ ငါးသလောက်ပေါင်း ကြက်ကြော်၊ ဆိတ်သားဟင်း၊ ငါးဖယ် စတဲ့ ဟင်းတွေ ရှိပြီး ထမင်းကြော် မှာယူရင် ချည်ပေါင်ကြော်နဲ့ ကြက်သွန်ချဥ်လေးကိုပါ ထည့်ပေးပါတယ်။ ညနေ (၆) နာရီကနေ ည (၁၀) နာရီအထိ ဆိုင်ဖွင့်ပါတယ်။

ရန်ကုန်-အင်းစိန်လမ်းမပေါ်၊ သမိုင်းလမ်းဆုံအနီး။

၈။ ဒဂုံ (၁) ဆာတေးထမင်းကြော်

ဒဂုံ (၁) ကျောင်းသားဟောင်းတွေဆိုရင် ဒီဆိုင်မှာ အနည်းဆုံး တစ်ခါလောက်တော့ ဝယ်စားဖူးကြမှာပါ။ နှစ်ပေါင်း (၇၀) ကျော် သက်တမ်းရှိတဲ့ ဒီဆိုင်လေးက အရင်က ဒဂုံ (၁) ကျောင်းမုန့်စျေးတန်းမှာ ရောင်းခဲ့တာဖြစ်ပြီး အခုတော့ ကျောင်းရှေ့ န၀ဒေးလမ်းမပေါ်မှာ ကားလေးနဲ့ ရောင်းနေပါတယ်။

မီးခိုးနံ့သင်းသင်းလေးနဲ့ ကိုယ်တိုင်အရသာစပ်ပြီး ကင်ထားတဲ့ ဆာတေးကတော့ ကြက်ဆာတေးနဲ့ ဝက်ဆာတေးဆိုပြီး (၂) မျိုး ရှိပါတယ်။ ဆိုင်ကတော့ မနက် ၇ နာရီကနေ ထမင်းကုန်တဲ့အချိန်အထိ ဖွင့်ပါတယ်။ ဆိုင်အနေနဲ့ ဖွင့်ထားတာ မဟုတ်ဘဲ Pick up နဲ့ Delivery သီးသန့် ရောင်းချတဲ့ ဆိုင်ပါ။

အမှတ် ၉-က၊ အခန်း (၆)၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း ၊ ဒဂုံ -၁ကျောင်းရှေ့၊ ဒဂုံမြို့နယ်။ 

၉။ မင်းဓမ္မလမ်း ထမင်းကြော်

ဆိုင်ရဲ့ သက်တမ်းက (၁၅) နှစ်ကျော် ရှိပြီး မင်းဓမ္မလမ်းပေါ်မှာ ဖွင့်ထားတဲ့ ဒီဆိုင်မှာ ထမင်းကြော်နဲ့အတူ နာမည်ကြီးတာက ကြက်ပေါင်း၊ ဝက်ပေါင်းဟင်းပါ။ ထမင်းကြော် မှာရင် ကြက်သွန်ချဉ်နဲ့ ငပိထောင်းလေးပါ အလျှံအပယ် ထည့်ပေးပါတယ်။ တခြား အသားဟင်းတွေ၊ အရံဟင်းတွေ၊ အရွက်ကြော်တွေလည်း အမျိုးပေါင်း (၄၀) ကျော်လောက် ရှိပါတယ်။ ဆိုင်ကတော့ ညနေ ၆ နာရီကနေ ည ၁၁ နာရီခွဲအထိ ဖွင့်ပါတယ်။ 

မင်းဓမ္မလမ်းနဲ့ ဗိုလ်ချုပ်လမ်းသွယ်ထောင့်၊ မင်းဓမ္မအိမ်ရာဝန်းအနီး၊ မရမ်းကုန်းမြို့နယ်။

၁၀။ ကျွန်းတောလမ်း ထမင်းကြော်

နောက်ဆုံးအနေနဲ့ စမ်းချောင်းမြို့နယ်ထဲမှာပဲ နောက်ထပ် ကောင်းလို့ ညွှန်ပေးချင်တဲ့ ထမင်းကြော်ဆိုင် ရှိပါတယ်။ သူ့ဆိုင်မှာက တခြားဆိုင်တွေလိုတော့ ရွေးချယ်စရာ ဟင်းပွဲတွေတော့ အများကြီး မရှိပါဘူး။ ဒါပေမဲ့ တခြားဆိုင်တွေမှာ တွေ့ရနည်းတဲ့ ဆိတ်အကြော၊ အမဲအကြောတို့လို ဟင်းမျိုးတော့ ရပါတယ်။

အသားဟင်းမပါဘဲနဲ့တောင် သူ့ဆိုင်က ထမင်းကြော်ပူပူ၊ ကြက်ဥကြော်ပူပူလေးကို ဂေါ်ဖီချဉ်လေးနဲ့ တွဲစားလိုက်ရရင် ပါးစပ်နတ်ပြည်ရောက်ဖို့ လုံလောက်ပါပြီ။ ဆိုင်ကတော့ ညနေ (၆) နာရီကနေ ည (၉) နာရီအထိ ဖွင့်ပါတယ်။ 

ကျွန်းတောလမ်းမပေါ်၊ ဇေယျသုခလမ်းနဲ့ ဂန္ဓမာလမ်းကြား၊ စမ်းချောင်းမြို့နယ်။

⇐ Previous Next

Read 1856 times