Entertainment

ကျောချမ်းစရာကောင်းအောင် ကြောက်ရမယ့် လူသတ်ကား (၅) ကား

5 Best Horror Movies 2023

ရုပ်ရှင်ဆို အချစ်ကားတွေ၊ ဟာသကားတွေထက် တုန်လှုပ်ခြောက်ခြားစရာ မြင်ကွင်းတွေနဲ့ ဆိုက်ကိုဆန်ဆန်  ကြောက်ဖို့ကောင်းမှ ကြိုက်တဲ့သူတွေအတွက် အသစ်ထွက်ရှိထားတဲ့ လူသတ်ကား (၅) ကားကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။ အခုပြောပြပေးသွားမယ့် လူသတ်ကားတွေက လက်ရှိ Horror ရုပ်ရှင် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

၁။ M3GAN (2022)

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ထွက် သိပ္ပံစိတ်ကူးယဉ် Horror အမျိုးအစားပါပဲ။ Chucky ရုပ်ရှင်ကို ကြိုက်တဲ့သူဆို ဒီကားကိုလည်း အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းပုံစံကတော့ မက်ဂန်ဟာ အရုပ်ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင် မိန်းကလေးတစ်ယောက်ကနေ ဖန်တီးထားတဲ့ အရုပ်ပါ။ မူရင်း ပရိုဂရမ်ကတော့ ကလေးတွေကို အဖော်ပြုပေးရင်းနဲ့ အမူအကျင့်ကောင်းတွေ သင်ယူပြီး ကာကွယ်နိုင်အောင် ဖန်တီးထားတာပါ။ 

အရုပ်ရဲ့ ပထမဆုံး အဖော်ပြုရမယ့် ကလေးကတော့ ကေဒီဆိုတဲ့ ကလေးမလေးဖြစ်ပြီး ကေဒီဟာ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားတာကြောင့် မိဘမဲ့ ဖြစ်လာတဲ့ ကလေးပါ။ ဒီတော့ သူကလည်း မက်ဂန်အရုပ်ကို အရမ်းကို သံယောဇဉ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးကို ကာကွယ်ဖို့ အဓိက ပရိုဂရမ်က အရမ်းအားကောင်းလာတဲ့အခါ မက်ဂန်ဟာ ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာရာကို ရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်။

၂။ The Pale ‌Blue Eye (2022)

Christian Bale ဟာ ဒီဇာတ်ကားမှာ စုံ​​​ထောက်ကြီး ဩဂတ်စတပ် လန်​ဒေါအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အရမ်းနာမည်ကြီးခဲ့တဲ့ စုံ​ထောက်ကြီး လန်​ဒေါဟာ တချို့​​သော ကိစ္စ​တွေ​ကြောင့် မြို့​လေးတစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူနေထိုင်ရာ မြို့မှာပဲ သူ့ဆီကို ထူးဆန်းတဲ့ အမှုတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ 

အဲ့မြို့မှာရှိတဲ့ စစ်သင်တန်း​ကျောင်းက ဗိုလ်​​လောင်းတစ်​ယောက် ဆွဲကြိုးချ သတ်​သေလိုက်တဲ့ အမှုပါ။ စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့ သဲလွန်စ​တွေကို စုံစမ်းရင်း သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သွားပြီး နှလုံးပါ ခိုးယူထုတ်သွားတာကို သိသွားတဲ့အခါ အဲ့​ကျောင်းက ကဗျာရူးစာရူး ဗိုလ်​လောင်း အီအေပိုးဆိုသူနဲ့ အမှုလိုက်ရာမှတဆင့် ထင်ထားတာထက် များစွာ နက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ ပတ်သက်​နေမှန်း သိသွားကြပါတယ်။

လန်​ဒေါနဲ့ ပိုးတို့ အဲ့အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊ တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။

Advertisement

Click Here > SB Plastic

၃။ Sick (2022)

ပါကာနဲ့ မီရီဆိုတဲ့ မိန်းကလေး သူငယ်ချင်းနှစ်ယောက် ကိုဗစ်ဖြစ်နေတဲ့ကာလမှာ ကွာရန်တင်း ဝင်ဖို့အတွက် လူသူကင်းမဲ့တဲ့ ပါကာ့မိသားစုပိုင် ရေကန်နားက အိမ်ကြီးဆီ သွားနေလိုက်ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ၔည့်သည်တွေ ရောက်လာကြပြီး ပါကာတို့ကို သတ်ဖို့ကြိုးစားတဲ့အခါ ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မနေတာကြောင့် မိန်းကလေးနှစ်ယောက် လူသတ်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ၊ သူတို့ကိုရော ဘာကြောင့် လိုက်သတ်နေကြတာဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ 

၄။ The Menu (2022)

Game of Thrones နဲ့ Succession တို့လို လူကြိက်များခဲ့တဲ့ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်ကားအသစ် The Menu ဟာ Dark Comedy Horror အမျိုးအစားဖြစ်ပါတယ်။ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရဲ့ အထူးညတစ်ညမှာ ဧည့်သည်ပေါင်းစုံ ရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေ ပြောပြသွားတဲ့အပြင် အသတ်၊ အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာပါတော့တယ်။ Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေက နက်နက်နဲနဲ စဉ်းစားချင်စရာကောင်းသလို ရယ်ရခက်၊ ငိုရခက်လည်း ဖြစ်နေပါသေးတယ်။ 

၅။ Scream 5 (2022)

Scream ဆိုတာကတော့ Horror ပရိသတ်တွေကြားထဲမှာ နာမည်ရပြီးသား စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီစီးရီးဟာ ဒါရိုက်တာကြီး Wes Craven ရဲ့ ၁၉၉၆ မှာ ထွက်ရှိခဲ့တဲ့ Scream 1 ကနေ စတင်ပါတယ်။ လက်ရှိမှာ Scream 5 ထိ ထွက်ရှိပြီးသားဖြစ်ပြီး Scream 6 ကတော့ မတ်လလောက်မှာ ထွက်ဖို့ ရှိပါတယ်။ 

Scream 1 ရဲ့ ဇာတ်လမ်းပုံစံကတော့ Horror Movie Fan တွေရဲ့ ဇာတ်ကားတွေပေါ် စွဲလမ်းပြီး အစွန်းရောက် သွားရာကနေ လူသတ်မှုတွေကို ကိုယ်တိုင်ဖန်တီးလာတဲ့ ပုံစံမျိုးပါ။ Scream 2 မှာတော့ Stab ဆိုတဲ့ နာမည်နဲ့ Scream 1 က လူသတ်မှုကို ဖြစ်ရပ်မှန် ဇာတ်လမ်းရိုက်တယ်။ အဲ့ကနေတဆင့် ဒီဇာတ်လမ်းကို စွဲလမ်းတဲ့ လူသတ်သမားတစ်ယောက် ထပ်ပေါ်လာတယ်ပေါ့။ ကျန်တဲ့ 3 နဲ့ 4 မှာလည်း ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်နွယ်မှုတွေ ပြောင်းလဲသွားပေမယ့် လူသတ်သမားရဲ့ သဘောတရားက ဒီအတိုင်းပဲ ပြောင်းလဲမသွားပါဘူး။ Scream 5 ကတော့ 1 ကနေ 4 အထိ ဇာတ်လမ်းတွေကို အမှီပြုထားပေမဲ့ လူသတ်တဲ့ ပုံစံတွေကို အရင်ကားတွေနဲ့ မတူ ကွဲထွက်အောင်၊ လူသတ်သမား ဘယ်သူလဲဆိုတာကို ခန့်မှန်းရခက်အောင် လုပ်ထားပါတယ်။

Scream စီးရီးတွေရဲ့ အဓိက သော့ချက်ကတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို လိုက်ခန့်မှန်းရတာပါပဲ။ အဲ့လူသတ်သမားကလည်း ကိုယ့်မျက်စိအောက်မှာပဲ အမြဲရှိနေတာပါ။

⇐ Previous Next

Read 2063 times