Travel

မိုးရာသီမှာ လည်ပတ်ရန် အကောင်းဆုံး မြန်မာနိုင်ငံက ဒေသများ

5 Best Places To Visit in Myanmar During Rainy Season

မိုးရွာရွာ၊ နေပူပူ ဘယ်အချိန်မဆို ခရီးသွားချင်နေတဲ့ ခရီးထွက် ဝါသနာအိုးတွေအတွက် အုံ့အုံ့မှိုင်းမှိုင်း မိုးရာသီမှာ သွားရောက်လည်ပတ်ရင် ပိုပြီးလှ၊ ပိုပြီး ခံစားလို့ကောင်းတဲ့ မြန်မာနိုင်ငံက ဒေသတချို့ကို ဖော်ပြပေးလိုက်ပါတယ်။  

တချို့ကျတော့ မိုးရာသီမှာ ခရီးထွက်ရတာကို စိတ်ရှုပ်စရာလို့ မြင်ကြပါလိမ့်မယ်။ တကယ်တော့ မိုးရာသီက ခရီးသွား ပွင့်လင်းရာသီမဟုတ်တော့ လေယာဉ်ခ၊ ကားခ၊ ဟိုတယ်ခတွေ ဈေးကျနေတာမို့ ခရီးထွက်ရင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ထွက်နိုင်ပါတယ်။ အပူပိုင်းဒေသတွေမှာဆို မိုးတွင်းကာလရဲ့ ရာသီဥတုက အေးမြနေပြီး စိုစိုပြေပြေ ရှိတာကြောင့် ခရီးသွားရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ လည်ပတ်စရာနေရာတွေမှာလည်း လူရှုပ်မနေဘဲ အေးအေးဆေးဆေး ဓာတ်ပုံရိုက်၊ လေ့လာလို့ရပါတယ်။ 

(၁) ပုဂံ

ပုဂံဟာ အပူပိုင်း ခြောက်သွေ့တဲ့ အညာဒေသလေးဖြစ်လို့ မိုးရာသီမှာဆိုရင် ရာသီဥတုက စိမ်းစိုအေးမြနေပြီး ပိုသာယာပါတယ်။ ပုဂံရဲ့ ခန့်ညားထည်ဝါမှုနဲ့ လွမ်းမောဖွယ် မိုးရာသီအလှကို တွဲဖက်ခံစားနိုင်ဖို့ အကောင်းဆုံးအချိန်ဟာ မိုးရာသီပါ။ 

မိုးဖွဲဖွဲလေး ရွာလာရင်လည်း မိုးခိုဖို့ ဘုရားတွေက ပေါမှပေါဆိုတော့ မိုးမိမှာလည်း ပူစရာမလိုပါဘူး။ ရေပြည့်နေတဲ့ ဧရာ၀တီမြစ်နံဘေးက ဘုရားတွေဟာလည်း တစ်မျိုးတစ်ဖုံ အလှထူးနေမှာ အသေအချာပါပဲ။ လူလည်းရှင်းတော့ ဘုရားတွေအကြောင်း လေ့လာတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာဖြစ်ဖြစ် အချိန်ပေးပြီး သေချာလုပ်လို့ရပါတယ်။

ပုဂံရောက်ရင် - 

- တန်ခိုးကြီး ဘုရားတွေဖူးတာ

- အနီးနားပတ်ဝန်းကျင်က ရွာတွေက ဒေသခံတွေရဲ့ ဓလေ့စရိုက် ဘ၀နေထိုင်မှုပုံစံတွေကို လေ့လာတာ (ဥပမာ - စက်စက်ယိုကျေးရွာ)

- မြင်းလှည်းစီးတာ

- ကမ္ဘာကျော်တဲ့ ပုဂံနေဝင်ချိန်အလှကို ခံစားကြည့်ရှုတာ

- အကြော်စုံပူပူလေးနဲ့ အညာစာစစ်စစ်တွေကို မြည်းစမ်းကြည့်တာတွေ လုပ်ကြည့်ပါ။    

 (၂) စလေ

မြန်မာနိုင်ငံ အပူပိုင်းဒေသရဲ့ မြို့တစ်မြို့ဖြစ်တဲ့ စလေမြို့ကလည်း မိုးရာသီမှာ အလည်သွားသင့်တဲ့ နေရာတစ်ခုပါ။ စလေမြို့က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိပါတယ်။ 

စလေမြို့မှာဆိုရင် ကိုလိုနီခေတ်ဟောင်း အဆောက်အဦးတွေ၊ ရှေးဟောင်းစေတီပုထိုးတွေ၊ သစ်သားနဲ့ တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ မြစ်ကမ်းနံဘေး ထိုင်ငေးနိုင်သလို ကျေးလက်ဓလေ့ အငွေ့အသက်ကို အပြည့်အဝ ခံစားနိုင်ပါတယ်။  

စလေမြို့မှာ - 

- သမိုင်းဝင် စလေ ပန်းပုရုပ်စုံကျောင်းတော်

- စလေပန်းပုရုပ်စုံ ကျောင်းဒကာကြီး ဦးဘိုးကြည် နေအိမ်

- ရှေးဟောင်းဗိသုကာလက်ရာတွေ လေ့လာလို့ရမယ့် ကိုးဆောင်ကျောင်း

- စာဆိုတော်ကြီး စလေဦးပုည နေထိုင်ပြီး စာပေတွေ ရေးသားခဲ့တဲ့ အုတ်ကျောင်း 

- စလေ ရှေးဟောင်းသုတေသန ပြတိုက်

- မြန်မာနိုင်ငံရဲ့ အကြီးဆုံးမံဘုရား ရှင်ပင်မဟာလာဘမံဘုရား

- ရှင်အရဟံ ပင့်ဆောင်လာတဲ့ ပိဋကတ် (၃) ပုံကို အနော်ရထာမင်း သွားကြိုဆိုတဲ့နေရာမှာ တည်ထားတဲ့ ရှင်ပင်စာကြိုလှဘုရား

- ဒေသထွက်လက်ဆောင်တွေ ဝယ်ဖို့ စလေစျေး

- ဒေသခံပြည်သူတွေရဲ့ ဘ၀နေထိုင်မှုပုံစံ၊ ရိုးရာယဉ်ကျေးမှု၊ ဒေသထွက် စိုက်ပျိုးသီးနှံတွေ၊ လက်မှုပစ္စည်းတွေကို လေ့လာဖို့ မန်ကျည်းကန်ကျေးရွာတို့ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ 

 

Advertisement

 

Click Here > SWY Group  

(၃) အင်းလေး

အင်းလေးကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်က မိုးကုန်ခါနီး စက်တင်ဘာနဲ့ အောက်တိုဘာလတို့မှာ ဖြစ်ပါတယ်။ "အင်းလေးမှာ ရွာတဲ့မိုးရယ်" ဆိုတဲ့ သီချင်းလေးအတိုင်း မိုးအုပ်ဆိုင်းနေတဲ့ ရာသီဥတုနဲ့ အင်းလေးကန်ကြီးရဲ့ သဘာ၀အလှကို ငေးမောရတာ လွမ်းမောစရာပါ။

တော်တော်များများက အင်းလေးရောက်ရင် - 

- ဖောင်တော်ဦးဘုရား

- အလိုတော်ပေါက်ဘုရား

- ရွှေအင်းတိန်ဘုရား

- ကြောင်ခုန်ကျောင်း (ခေါ်) ငါးဖယ်ချောင်းကျာင်း 

- မိုင်းသောက်တံတား

- ယက်ကန်းရုံ

- ဝိုင်ခြံတွေ စတဲ့ ထင်ရှားတဲ့ နေရာတွေကိုပဲ သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ 

တကယ်က လူသိနည်းတဲ့ အင်းလေးကန် တောင်ဖက်ပိုင်းက စံကားရွာမှာရှိတဲ့ ရေပြင်ပေါ်က ဘုရားတွေကို သွားရောက်ဖူးမျှော်သင့်ပါတယ်။ စံကားရွာရဲ့ စံကားမြို့မ ဘုန်းကြီးကျောင်းဝင်းမှာ မွေတော်ကက္ကူလိုမျိုး လက်ရာဆင်တူတဲ့ ရှေးဟောင်းဘုရားတွေ မြင်တွေ့နိုင်ပါတယ်။ 

ဘုန်းကြီးကျောင်းဝင်းအတွင်းက လှေဆိပ်မှာတင် ရေထဲမြုပ်နေတဲ့ ရေတစ်ဝက် ကုန်းတစ်ဝက် ဘုရားအုပ်စုကို ဖူးမျှော်တွေ့ရမှာပါ။ ဒီလို သမိုင်းဝင် စေတီတွေ ရေထဲမြုပ်နေတဲ့ အနေအထားဟာ အလွန်ထူးခြားတဲ့ မြင်ကွင်းပါ။ အဲဒီနေရာကနေ အင်းလေးကန် အနောက်ဖက်ကမ်းကို လှေငှားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀၀) ကျော်က တည်ထားခဲ့တဲ့ တာခေါင်မွေတော်ဘုရားကိုလည်း သွားရောက်ဖူးမျှော်လို့ ရပါသေးတယ်။

(၄) သီပေါ

မိုးတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းက ရှုခင်းတွေက စိမ်းစိမ်းစိုစိုနဲ့ အရမ်းလှလို့ မိုးရာသီ ဘယ်သွားရမလဲ စဉ်းစားနေရင် ဂုတ်ထိပ်တံတားကြီးကို ဖြတ်ပြီး ဒုဌဝတီမြစ်ကမ်းဘေးက ရှမ်းမြို့လေးတစ်မြို့ဖြစ်တဲ့ သီပေါခရီးစဉ်လေးကို အကြံပြုပါရစေ။ သီပေါမှာက - 

- ဆရာဇော်ဂျီရဲ့ ကဗျာထဲမှာ ပါဝင်တဲ့ ဘော်ကြိုဘုရား

- ပုဂံလိုမျိုး ရှေးဟောင်းဘုရားတွေ ရှိတဲ့ နေရာလေး Little Bagan

- ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတား

- နမ့်ဟူးနွဲ့ရေတံခွန်

- နေဝင်ချိန်နဲ့ ဒုဋ္ဌဝတီမြစ်ရဲ့ အရိုင်းဆန်တဲ့ အလှကို အပေါ်စီးက ကြည့်ရှုဖို့ သိမ်တောင်  

- ရှမ်းစော်ဘွားတွေရဲ့ သီပေါဟော်နန်း

- စော်ဘွားတွေရဲ့ အုတ်ဂူရှိရာ လွယ်မုတ်တောင်

- သီပေါမြို့ တည်တဲ့အချိန်မှာ ယတြာသဘောအရ မြုပ်နှံခဲ့တဲ့ ဆီအိုးကြီး (၄) အိုးရဲ့ နေရာကို ပြသထားတဲ့ မြို့တည်ဆီအိုးကြီး စတဲ့ လည်ပတ်စရာနေရာတွေ ရှိပါတယ်။ 

နောက်ထပ် လည်ပတ်စရာတစ်ခုဖြစ်တဲ့ နမ္မတူချောင်းနဲ့ နမ္မချောင်း ဆုံဆည်းတဲ့ သီပေါ ချောင်းဆုံကတော့ မိုးရာသီမှာ ရေနောက်ပြီး နွေရာသီမှာ ရေပိုကြည်ပါတယ်။ 

ဒါ့အပြင် Trekking နဲ့ သီပေါဟာ ခွဲခြားလို့မရပါဘူး။ နိုင်ငံခြားသားတွေဆိုရင် သီပေါကို Trekking အတွက် သီးသန့် လာကြတာမျိုးတောင် ရှိပါတယ်။ ပလောင်ရွာတွေဘက် ညအိပ်သွားရတဲ့ Trekking ရယ်၊ ရှမ်းရွာတွေဘက် နေ့ချင်းပြန် သွားလို့ရတဲ့ ပေ့ါပေါ့ပါးပါး Trekking ရယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ 

(၅) ပြင်ဦးလွင်

ပြင်ဦးလွင် ပန်းမြို့တော်ကတော့ ဥတုသုံးပါးမရွေး လည်ပတ်လို့ကောင်းတဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။ ရာသီဥတုက အစွန်းရောက်တာမျိုး မရှိလို့ ပြင်ဦးလွင်ကို တောင်ပေါ်က လူတွေလည်း နှစ်သက်ကြသလို၊ မြေပြန့်နဲ့ မြစ်ဝကျွန်းပေါ်က လူတွေ၊ ပင်လယ်ဘက်က လူတွေလည်း နှစ်သက်ကြပါတယ်။ ရှမ်းတောင်တန်းတွေနဲ့ မြေပြန့်ဒေသကို ကြားခံဆက်သွယ်ပေးထားတဲ့ မြို့လေးလို့ ဆိုရမယ့် မန္တလေးတိုင်းအဆုံး ရှမ်းပြည်နယ်အစ နယ်စပ်မြို့လေးလည်းဖြစ်ပါတယ်။ 

ပြင်ဦးလွင်မြို့က လည်ပတ်စရာနေရာတွေ 

-----------------------------

ပစ်တိုင်းထောင်ကျောင်း

Cozy World

နာရီစင်

Mico Hill

တောင်ပုလ ဗျူးပွိုင့်

အမျိုးသားကန်တော်ကြီးဥယျာဉ်

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်

Governor’s House

ပြင်ဦးလွင် မြို့ရှောင်လမ်းပေါ်က ထင်းရှူးတန်းလမ်း

ဘုရားတွေ

---------

မဟာအံ့ထူးကံသာစေတီ

စူဠာမဏိပုထိုးတော်ကြီး

မြမဉ္ဖူ လေးမျက်နှာဘုရားကြီး

ဇိနမာန်အောင် ကျောက်တောင်စေတီ

နှီးဘုရား

မြွေဘုရား

တရုတ်ဘုံကျောင်း

သဘာဝလိုဏ်ဂူနဲ့ ရေတံခွန်တွေ

-------------------------

ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူ

ဓါတ်တော်ချိုင့်ရေတံခွန်

ပွဲကောက်/ပွေးကောက် ရေတံခွန် 

ရေပျံတောင် ရေတံခွန်

ဒီဇင်ဘာခြံရေတံခွန်

စိုက်ပျိုးရေးခြံတွေ

---------------

ထူး လိမ္မော်ခြံ

The Croft Organic Farm

YGW ခြံ 

စည်သာကော်ဖီခြံ

တော်ဝင်နှင်းဆီခြံ

ရွှေပြင်ဦးလွင် စပျစ်ခြံ

⇐ Previous Next

Read 1423 times