Entertainment

လွမ်းမောဖွယ်ကောင်းတဲ့ အချစ်ဒရမ်မာ ဇာတ်ကား (၅) ကား

5 Best Romantic Movies to watch This Valentine Week

ချစ်သူများနေ့လည်း ရောက်တော့မှာဆိုတော့ ဒီတစ်ပတ် ပိတ်ရက်မှာ Valentine’s Weekend Special အနေနဲ့ ပရိသတ်တွေ ရင်ထဲ ရောက်ခဲ့တဲ့ ရိုမန့်အချစ်ကားကောင်း (၅) ကားကို ရွေးချယ်ပေးထားပါတယ်။

(၁) Eternal Sunshine of the Spotless Mind (2004)

ဒီရုပ်ရှင်က IMDb Rating 8.3 ရရှိထားပြီး ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက Joel နဲ့ Clementine ဆိုတဲ့ ချစ်သူစုံတွဲ နှစ်ယောက်အကြောင်းပါ။ 

ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေ ပြည့်နှက်နေပေမယ့် အချိန်ကြာလာတာနဲ့အမျှ အယူအဆချင်းမတူ၊ တွေးခေါ်ပုံချင်း မတူတဲ့အခါ ပြသနာသေးသေးလေးတွေ ကြုံလာရပါတော့တယ်။ 

အဲ့လိုအချိန်မှာ အေးအေးဆေးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် သိပ်ချစ်ပေမယ့် လမ်းခွဲခဲ့ကြပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်ရဲ့ မှတ်ဉာဏ်တွေထဲက အပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံးက မှတ်ဉာဏ်ဖျက်ပေးတဲ့ သိပ္ပံပညာရှင်တစ်‌ယောက်ဆီမှာ အကူအညီတောင်းခဲ့ကြပါတယ်။ 

မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့ အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့ အမှတ်တရအချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် မှတ်ဉာဏ်ဖျက်ရင်း နောင်တတွေ ရလာပြီး ဒီ Process ကြီးကို ရပ်တန့်သွားအောင်၊ Clementine နဲ့ အဆင်ပြန်ပြေအောင် ကြိုးစားရပုံကို ဒီဇာတ်ကားမှာ ရှုစားရမှာပါ။ 

(၂) 500 Days of Summer (2009) 

ဒီဇာတ်ကားက Rotten Tomatoes 85% နဲ့ IMDb Rating 7.7 ထိ ရရှိထားတဲ့ Comedy Drama Romance ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နှလုံးသားလှသူကြီး Tom ဆိုတဲ့ ကောင်လေးနဲ့ ရင်ဘတ်အပေါက်နဲ့ Summer ဆိုတဲ့ ကောင်မလေး တို့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Summer ဆိုတဲ့ ကောင်မလေးက အချစ်ဆိုတာ လက်တွေ့လောကမှာ မရှိတဲ့ စိတ်ကူးယဉ်သက်သက်ပဲလို့ ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့တဲ့ သူမရဲ့ မိဘနှစ်ပါးကို ကြည့်ပြီး သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနဲ့ ဆန့်ကျင်ဘက် ရိုးရိုးအေးအေးလေး နေတတ်ပြီး အချစ်စစ်ဆိုတဲ့ အရာကို ယုံကြည်သူပါ။

ဘယ်အရာကိုမှ အလေးနက်မထားချင်တဲ့ Summer လို မိန်းကလေးမျိုးကိုမှ အသေအလဲ ကြွေခဲ့တဲ့  စိတ်ကူးယဉ်လွန်းတဲ့ Tom တစ်ယောက် Summer ရဲ့ လက်တွေ့ဆန်လွန်းတဲ့ ဒဿနတွေနဲ့ ထိပ်တိုက်တွေ့ရတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှု ခံစားရမှာပါ။

၃။ La La Land (2016)

IMdb Rating 8.4 နဲ့ Rotten Tomatoes 91% ထိ ရရှိထားပြီး “La La Land” ရုပ်ရှင် ဖန်တီးခဲ့သူ ဒါရိုက်တာ Damien Chazelle က အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒါ့ပြင် မင်းသား Ryan Gosling နဲ့ မင်းသမီး Emma Stone တို့ကလည်း ကောင်းဆုံး သရုပ်ဆောင်ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။

La La land မှာ မင်းသား Ryan Gosling က Jazz ဂီတသမား စန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီး Emma Stone ကတော့ ရည်မှန်းချက်ကြီးတဲ့ မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့မှာ သူတို့နှစ်ယောက်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အကောင်အထည် ဖော်နိုင်မဖော်နိုင်ဆိုတာကတော့ ဆက်လက် ကြည့်ရှုရမှာပါ။

     Advertisement

Click Here > Phyo Thu Kha

၄။ The Notebook (2004)

ဒီဇာတ်ကားကို တော်တော်များများ ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ The Notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီး Nicholas Sparks ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေးပြုနေတဲ့ စာရေးဆရာကြီးဆိုလည်း မှားမယ် မထင်ပါဘူး။ ဘာလို့လဲဆိုရင် သူ့ဝတ္ထုကို ပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း လူကြိုက်များ အောင်မြင်တဲ့အတွက်ပါ။

ဒီဇာတ်ကားက လူငယ်တွေကြားမှာ အရမ်းပေါက်ခဲ့ပြီး ဘယ်နှစ်ကြိမ်ပဲ ကြည့်ကြည့် မရိုးနိုင်တဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပါ။ ၁၉၄၀ ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခေတ်နောက်ပြန် ပုံဖော်ထားပါတယ်။ 

မိသားစု၊ နောက်ခံ အသိုင်းအဝိုင်းချင်း ကွာခြားလွန်းတဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်တွေက နွေဦးအိမ်မက်တစ်ခုအဖြစ်နဲ့ အဆုံးသတ်သွားမလား၊ မျှော်လင့်ချက်တွေ တကယ်ပဲ ပြည့်၀သွားမလားဆိုတာကိုတော့ ခံစားကြည့်ရှုရမယ့် IMDb Rating 7.8 ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ 

မင်းသား Ryan Gosling က သစ်ခွဲအလုပ်သမားလေး Noah အဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီး Rachel McAdams က ချမ်းသာကြွယ်၀တဲ့ မိသားစုမှ ဆင်းသက်လာတဲ့ ရွှေလှောင်ချိုင့်ထဲက ကောင်မလေး Allie အဖြစ် သရုပ်ဆောင်ထားပါတယ်။

၅။ Pride & Prejudice (2005)

ဒီဇာတ်ကားလေးက အော်စကာ (၄) ဆု ဆန်ကာတင်စာရင်း ဝင်ခဲ့သလို တခြားဆုပေါင်း (၁၃) ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး IMDb Rating 7.8 ထိ ရရှိခဲ့ပါတယ်။ Jane Austen ရေးသားခဲ့တဲ့ နာမည်ကျော်ဝတ္ထုလေးကို ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ် အသက်သွင်းခဲ့တဲ့ ဇာတ်ကားလေးပါ။

ဇာတ်လမ်းလေးက (၁၈) ရာစုနှောင်းပိုင်း ဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့် ပြောရရင် လူတန်းစားခွဲတဲ့ ခေတ်ကို အခြေတည်ထားပါတယ်။ သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ (၅) ယောက် မွေးထားတော့ သူတို့အမေရဲ့ ဘဝမှာ တစ်ခုတည်းသော မျှော်မှန်းချက်က သူ့သမီးတွေကို လူချမ်းသာ ယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပါပဲ။

အဓိက ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightley) က ညီအစ်မတွေထဲမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာ ထုတ်ပြောရဲတဲ့ မိန်းကလေးပါ။ တစ်နေ့မှာ သူတို့ မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ် (၂) ယောက်က ရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီး ပျာယာတွေ ခတ်ပါတော့တယ်။ 

ဖြစ်ချင်တော့ တော်ရုံဆို သဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy (Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာ လူပျိုတစ်ယောက်ကို သဘောကျမိသွားပါတယ်။ ဒီကားဟာ အဓိကနဲ့ သာမညအပေါ် စဉ်းစား ဆင်ခြင်နိုင်စွမ်းကို အလေးပေး ရိုက်ကူထားတဲ့ ဇာတ်ကားဖြစ်လို့ တကယ်ကြည့်လို့ ကောင်းပါတယ်။

⇐ Previous Next

Read 1053 times