Entertainment

ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း (၆) ကား

6 Best Movies Based on True Story in Real Life

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုပြီး ပရိသတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ တကယ်အပြင်လက်တွေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ကပ်ဆိုးတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်ခံရမှုတွေနဲ့ ကြောက်စရာအဖြစ်အပျက်တွေကို အခြေခံပြီး ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ပြောပြပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေ အများကြီးထဲက တကယ်ကြည့်ကောင်းပြီး IMDb Rating မြင့်တဲ့ ဇာတ်ကား (၆) ကားကို ဖော်ပြပေးထားပါတယ်။ 

(၁) Schindler's List

ကမ္ဘာပေါ်က အကောင်းဆုံး Biographical (ပုဂ္ဂိုလ်တစ်ဦးရဲ့ ဘ၀ဇာတ်ကြောင်း) ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ "ရှင်းဒလားရဲ့ မှတ်တမ်း" (Schindler’s List) ဇာတ်ကားဟာ ဂျာမန် စီးပွားရေးသမားဖြစ်တဲ့ Oskar Schindler ရဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေအကြား ရပ်တည်နေရတဲ့ ဂျူးဒုက္ခသည်တွေကို အသက်ဘေးကနေ လွတ်အောင် သူ့ရဲ့ စက်ရုံတွေမှာ နေထိုင်စရာ၊ အလုပ်အကိုင်ပေးခြင်းအားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အော်စကာဆု ၇ ဆုအပြင် IMDb Rating 8.9 နဲ့ Rotten Tomatoes (96%) ထိ ရရှိထားလို့ မလွဲမသွေ အချိန်ပေး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

(၂) Into The Wild 

Watch INTO THE WILD | Prime Video

ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတာ ဖြစ်ပြီး ၀တ္ထုအရင်ထုတ်ခဲ့ပြီးမှ ၂၀၀၇ ခုနှစ်မှာ ရုပ်ရှင်ထွက်တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Chris ဆိုတဲ့ ဘွဲ့ရခါစ ကောင်လေးဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စွန့်လွှတ်ပြီး လူတွေနဲ့ ဝေးရာ အလက်စကာတောထဲမှာ တစ်ယောက်တည်း သွားနေခဲ့တဲ့ လူတစ်ယောက်ရဲ့ အကြောင်းပါ။

ဒီလို တစ်ယောက်တည်း တောထဲမှာ နေထိုင်ဖို့ကိုလည်း လိုအပ်တာတွေ ပြင်ဆင်ရင်း၊ ပိုက်ဆံရှာရင်းနဲ့ အခက်အခဲတွေအများကြီးကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ အချစ်ကြောင်းလည်း အများကြီးမပါသလို သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကားမျိုးလည်း မဟုတ်ပါဘူး။ IMDb Rating 8.1 အထိ ရထားတဲ့ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး စီးမျောရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။ 

(၃) Hotel Rwanda

Watch Hotel Rwanda | Prime Video

IMDb Rating 8.1 အထိ ရရှိခဲ့တဲ့ Hotel Rwanda ဇာတ်ကားဟာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ရဝမ်ဒါနိုင်ငံမှာရှိတဲ့ ဟူတူနဲ့ တူစီ ဆိုတဲ့ လူမျိုးစု နှစ်ခုကြားက လူမျိုးရေးခွဲခြားမှုတွေ၊ အာဏာရယူလိုမှုတွေနဲ့ ရန်ငြိုးတွေကြောင့် အကြင်နာကင်းမဲ့လှတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အချိန်အားဖြင့် ၃ လကျော် ကြာမြင့်ခဲ့ပြီး လူပေါင်း (၈) သိန်းကျော် သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ Hotel des Mille Collines ဆိုတဲ့ ဟိုတယ်တစ်ခုက မန်နေဂျာ ပေါလ်ရူဆာဘာဂီနာဟာ ဟူတူနဲ့ တူစီ မျိုးနွယ်စုနှစ်ခုစလုံးက ဒုက္ခသည်တွေကို သူ့ရဲ့ ဟိုတယ်မှာ ကယ်တင်ပေးထားခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူဟာ သမိုင်းမှာ လူသားဆန်တဲ့လူတစ်ယောက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒုက္ခသည် ၁၀၀၀ ကျော်ကို သူဘယ်လိုကယ်တင်မလဲ၊ သူ့ရဲ့ မိသားစုဝင်တွေကရော အန္တရာယ်ကင်းပါ့မလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရမှာ ဖြစ်ပါတယ်။  

(၄) United 93

လွန်ခဲ့တဲ့ (၂၂) နှစ်တာကာလ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့မှာ အယ်လ်ကိုင်းဒါ အကြမ်းဖက်သမားတွေဟာ အမေရိကန်လေယာဉ် (၄) စီးကို ပြန်ပေးဆွဲပြီး လေယာဉ် (၂) စင်းက နယူးယောက်မြို့ရဲ့ အထပ်ပေါင်း (၁၁၀) ရှိတဲ့ World Trade Center မိုးမျှော်တိုက်ကြီးကို အသေခံ ဝင်တိုက် ဖြိုချခဲ့တဲ့ သမိုင်းဝင် အကြမ်းဖက်မှုကို အာလုံးသိကြမယ်ထင်ပါတယ်။ 

ဒီအကြမ်းဖက်မှုမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ လေယာဉ် (၄) စီးထဲက နောက်ဆုံးတစ်စီးဟာ United Airlines Flight 93 ဆိုတဲ့ လေယာဉ်ဖြစ်ပါတယ်။ အယ်လ်ကိုင်းဒါ အကြမ်းဖက်သမားတွေက ဒီလေယာဉ်ကို ပြန်ပေးဆွဲခဲ့ပေမဲ့ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ရဲဝံ့စွာ ကြိုးပမ်းကာကွယ်မှုကြောင့် လေယာဉ်ကို ပြန်လည်ထိန်းချုပ်မှု ရယူနိုင်ခဲ့ပြီး ပန်ဆယ်ဗေးနီးယားပြည်နယ်က ကွင်းပြင်တစ်ခုဆီမှာ လေယာဉ်ပျက်ကျခဲ့ပါတယ်။

ဒါဟာ အကြမ်းဖက်သမားတွေရဲ့ တားဂတ်လုပ်ထားတဲ့နေရာကို မရောက်လိုက်တဲ့ တစ်ခုတည်းသော လေယာဉ်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရိုက်ကူးထားတဲ့ United 93 ဆိုတဲ့ ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb Rating 7.6 အထိ ရရှိခဲ့ပါတယ်။

(၅) Fruitvale Station

The Importance of Fruitvale Station | WFUmediaphiles

ဒီကားကတော့ ဒါရိုက်တာ Ryan Coogler ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက Fruitvale ဘူတာမှာ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ လူမည်းကောင်လေးကို ရဲကသေနတ်နဲ့ ပစ်သတ်ခဲ့မိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။

တကယ်ကို ဝမ်းနည်းဖို့ကောင်းတာက လူမည်းကောင်လေး အော်စကာဟာ အရင်က ဆိုးခဲ့မိုက်ခဲ့သမျှကို ပြန်ပြုပြင်ပြီး လူကောင်းတစ်ယောက်အဖြစ် နေထိုင်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှ ဒီလိုအဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာပါ။ အော်စကာဟာ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးည နှစ်သစ်ကူးပွဲကို မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူသွားရင်း အပြန် ဘူတာမှာ ရဲအရာရှိ ဂျိုဟန်နီရဲ့ လက်လွတ်စပယ် ပစ်သတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ် မှားပစ်မိတာဖြစ်ကြောင်း လျှောက်တင်ပြီး ထောင် ၂ နှစ်သာ ကျခဲ့လို့ Oakland တစ်မြို့လုံး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒီဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ အော်စကာရဲ့အ‌ကြောင်းကို ၂၀၁၃ ခုနှစ်မှာ ဇာတ်ကားကောင်းတစ်ခုအဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး IMDb Rating 7.5 အထိ ရရှိခဲ့ပါတယ်။

(၆) The Impossible

Watch The Impossible | Netflix

ဒီဇာတ်ကားလေးကတော့ IMDB Rating 7.5 အထိ ရရှိထားပြီး ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီကပ်ဘေးကို ကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ ဆူနာမီလှိုင်းလုံးကြီးတွေပါ ဖြစ်ပေါ်လာပြီး နီးစပ်ရာ ကမ်းခြေတွေမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေအပြင် လူပေါင်း နှစ်သိန်းနှစ်သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ ခရစ်မတ်ပိတ်ရက်မှာ ဂျပန်နိုင်ငံကနေ ဖူးခက်ကမ်းခြေကို သားငယ် (၃) ယောက်နဲ့အတူ အပန်းဖြေခရီးထွက်လာခဲ့ကြတဲ့ မိသားစုဟာ ဆူနာမီဘေးကြောင့် တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီနောက် ဘယ်လိုတွေ ဒုက္ခရောက်ကြရလဲ၊ မိသားစုကရော စုံစုံလင်လင် ပြန်ဆုံဆည်းနိုင်မလားဆိုတာကိုတော့ ဆူနာမီကပ်ဘေးအတွင်း ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ စပိန်နိုင်ငံသူ Maria Belon နဲ့ သူမ မိသားစုရဲ့ တကယ့် ကိုယ်တွေ့ဖြစ်ရပ်ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။

⇐ Previous Next

Read 1003 times