Travel

တောတွင်းအတွေ့အကြုံကို အပြည့်အ၀ခံစားရမယ့် Bago Yoma Eco Resort

Bago Yoma Eco Resort

သဘာ၀တရားကြီးကို ပိုပြီး လှပအသက်ဝင်စေတဲ့ မုတ်သုံကာလဟာ တောတွင်းနေရာလေးတစ်ခုကို သွားလည်ဖို့ အကောင်းဆုံးအချိန်လို့ ယူဆလို့ရပါတယ်။ မိုးဥတုမှသာ မြင်တွေ့ခံစားနိုင်မယ့် စမ်းချောင်းစီးဆင်းသံတွေ၊ ရေတံခွန်ရေကျသံတွေ၊ စိမ်းစိုလှပနေတဲ့ သစ်တောအုပ်ကြီးတွေ ကြားထဲမှာ ဇိမ်ယူအပန်းဖြေရင်း အေးချမ်းဆိတ်ငြိမ်မှုကို ခံစားလိုသူတွေအတွက် Bago Yoma Eco Resort က အိုအေစစ်လေးတစ်ခုပါ။  

Advertisement

Click Here > Fuji

Resort လေးကတော့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ၄၃ မိုင်၊ ပေါက်ခေါင်း အုတ်တွင်းရိုးမဖြတ်လမ်း၊ တောင်န၀င်းကြိုးဝိုင်းသစ်တော၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်ခရိုင် အတွင်းရှိတာဖြစ်လို့ ရန်ကုန်ကနေ ကား ၆ နာရီကျော်ခန့် မောင်းရမှာဖြစ်ပြီး ပြည်ဘက်က လာရင် ၁ နာရီခွဲခန့် မောင်းရမှာဖြစ်ပါတယ်။ သွားလည်ချင်တဲ့ ဧည့်သည်တော်တွေအတွက် Resort လမ်းညွှန်လေးကတော့ ရန်ကုန်-ပြည် လမ်းဟောင်းလမ်းဘက်က လာရတာ အဆင်ပြေတယ်လို့ ပြောထားပါတယ်။ 

* မှော်ဘီ - တိုက်ကြီး - ဥက္ကံ- သုံးဆယ်- သာယာဝတီ- လက်ပံတန်း- မင်းလှ-ကြို့ပင်ကောက်-နတ္တလင်း- ပေါင်းတည်- ဝက်ပုတ်( တံတားကျော် )- ပုတီးကုန်း- သဲကုန်း- ဆင်မြီးဆွဲ- ပေါင်းတလည် - ပေါက်ခေါင်း - Resort (ဒီလမ်းကြောင်းလေးကတော့ လမ်းကောင်းပြီး လာရတာ အဆင်ပြေပါတယ်။ )

ပဲခူးရိုးမဟာဆိုရင် မြန်မာပြည်မှာရှိတဲ့ ရိုးမ (၄) ခုထဲက တစ်ခု‌ဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး စတဲ့ အဖိုးတန်သစ်မျိုးတွေ အများဆုံး ပေါက်ရောက်ရာ နယ်မြေလည်း ဖြစ်ပါတယ်။ ပုပ္ပါးမျောက်မြီးရှည်၊ အာရှဆင်တွေလို ရှားပါးသတ္တဝါတွေနဲ့ ငှက်တွေရဲ့ ခိုလှုံရာအိမ်ဖြစ်နေဆဲ ပဲခူးရိုးမမှာ လျှို့ဝှက်စွာ ပုန်းကွယ်နေတဲ့ သဘာဝအလှတရား‌တွေကို ကြည့်ရှုခံစားဖို့ Bago Yoma Eco Resort ရှိပါတယ်။

ဒီ Resort မှာ အခန်းအမျိုးအစားကတော့ Standard၊ Deluxe၊ Deluxe Bungalow၊ Junior Suite နဲ့ Honeymoon Villa ဆိုပြီး (၄) မျိုးရှိပါတယ်။ အခန်းအတွင်းမှာ ပရိဘောဂတွေကအစ ကျွန်းသစ်သားတွေနဲ့ပဲ ပြုလုပ်ထားလို့ သစ်သားအိမ်ပုံစံလေးဖြစ်ပြီး အခန်းရဲ့ ခမ်းနားထည်ဝါမှုနဲ့ သပ်ရပ်လှပမှုကို တွေ့မြင်ရမှာပါ။ အမိုးတွေကို ဓနိမိုးတွေနဲ့ စနစ်တကျ လုံခြုံအောင် မိုးထားတာကြောင့် အခန်းထဲမှာ ပူအိုက်ခြင်း လုံးဝမရှိပါဘူး။ အခန်းအရှေ့က ကျယ်၀န်းတဲ့ ၀ရန်တာလေးမှာလည်း လေညှင်းခံရင်း အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။

အခုမိုးတွင်းကာလအတွက် အခန်းစျေးနှုန်းတွေကို ဖော်ပြပါအတိုင်း ပရိုမိုးရှင်းပေးထားပါတယ်။ ဒါ့အပြင် တစ်ညအိပ်၊ နှစ်ညအိပ်၊ သုံးညအိပ် Package တွေလည်း စီစဉ်ပေးထားပါတယ်။ 

Resort မှာ ဘယ်လို Activities တွေ လုပ်လို့ရလဲဆိုရင် - 

Trekking 

သဘာဝတောတောင် ရှုခင်းများ ကြည့်ရှုနိုင်မယ့် Trekking Tour ကို နှစ်နာရီ အချိန်ပေးရတဲ့ Sai Kya ဗျူးပွိုင့် Trekking နဲ့ ၅ နာရီ - ၆ နာရီလောက် အချိန်ကြာမယ့် ရိုးမတောတွင်း Trekking ဆိုပြီး နှစ်မျိုး နှစ်သက်ရာ လုပ်လို့ရပါတယ်။

​Biking

စက်ဘီးစီးချင်ကြတဲ့ ဧည့်သည်တော်တွေအတွက် Resort အနီးတစ်ဝိုက်က ပတ်ဝန်းကျင်ကို Mountain Bike လေးနဲ့ အလွယ်တကူ သွားရောက်လေ့လာလို့ရပါတယ်။

Driving Tour with Tractor 

Trekking လည်းသွားချင်၊ လမ်းလည်း အရမ်းမလျှောက်နိုင်တဲ့ ခရီးသွားတွေအတွက် Resort က Tractor ကားလေးနဲ့ ပဲခူးရိုးမတစ်ခွင်ကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

Bird Watching 

ဆောင်းတွင်းလေးမှာတော့ ပဲခူးရိုးမအတွင်းက ငှက်မျိုးစိတ်မျိုးစုံကို သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

Elephant Showering

ရိုးမ Resort က ဆင်လေး (၂) ကောင်ကိုလည်း အစာကျွေး၊ ရေချိုးပေးလို့ ရပါတယ်။

Sightseeing Tour to Cowshed

Resort လေးထဲက နွားခြံလေးမှာ နွားလေးတွေ အစာကျွေးနိုင်သလို နွားနို့ကြိုက်သူများအနေနဲ့ သဘာဝနွားနို့စစ်စစ်လေးလည်း သောက်လို့ရပါသေးတယ်။

Teak Plantation Study Tour

သစ်ပင်စိုက်တာ ဝါသနာပါသူတွေအနေနဲ့လည်း အပင်လေးတွေကို မိမိတို့ နှစ်သက်ရာ နာမည်လေးနဲ့ အမှတ်တရ စိုက်ပျိုးထားနိုင်ပါတယ်။

Trekking Tour to Waterfall 

မိုးတွင်းလေးမှာဆိုရင်တော့ ပဲခူးရိုးမအတွင်းက သဘာဝရေတံခွန်လေးတွေဖြစ်တဲ့ Chin Ye Waterfall နဲ့ Kayinmathe Waterfall တွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒါတင်မကသေး ပဲခူးရိုးမတောင်တန်းဒေသမှာက များသောအားဖြင့် ကရင်တွေ ရွာတည်ပြီး နေထိုင်ကြလို့ ကရင်ရွာတွေ သွားရောက်လည်ပတ်လို့ရပါသေးတယ်။

Outdoor Activities တွေ မလုပ်ချင်ဘူးဆိုရင် Resort အတွင်းက စာဖတ်ခန်းလေးထဲမှာ ထိုင်ပြီး စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့  Chill လို့လည်း ရသေးတယ်နော်။ 

နေ့လည်စာ၊ ညနေစာအတွက်လည်း လက်ရာအထူးကောင်းမွန်တဲ့ Bago Yoma Restaurant လေးမှာ မှာယူသုံးဆောင်နိုင်ပါတယ်။ Bago Yoma Restaurant မှာ Resort က ကိုယ်တိုင်စိုက်ပြီး ဇီဝပိုးသတ်ဆေး လုံးဝသုံးစွဲထားခြင်းမရှိတဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်နဲ့ အသီးနှံတွေကို ခူးယူချက်ပြုတ်ထားတဲ့ ဟင်းလျာတွေ ရရှိနိုင်ပါတယ်။

Resort က Organic စိုက်ခင်းလေးဆီကိုလည်း ဧည့်သည်တွေ ကိုယ်တိုင် သွားရောက်လည်ပတ်နိုင်ပါတယ်။  

ပတ်၀န်းကျင် ဆူညံမှု ကင်းဝေးပြီး အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးမှာ လုပ်ငန်းခွင်ဆိုင်ရာ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ကုမ္ပဏီနှစ်ပတ်လည် အခမ်းအနားတွေ ကျင်းပလို့ရတဲ့ Seminar Hall ခန်းမနဲ့ Meeting Room တို့လည်းရှိပါတယ်။

Wedding Party၊ Anniversary၊ Birthday စတဲ့ Event လေးတွေကို သဘာဝဆန်ဆန်လေးနဲ့ စိမ်းစိုနေတဲ့ တောတောင်ရေမြေကြားမှာ ကျင်းပချင်တယ်ဆိုရင် Bago Yoma Eco Resort က တစ်သက်တာအမှတ်ရနေစေဖို့ ပြင်ဆင်ပေးနေပါပြီ။

အားနည်းချက်ကတော့ ဖုန်းလိုင်းမမိသလို မီးကိုလည်း အချိန်နဲ့ပဲ ပေးပါတယ်။ Screentime လျှော့ချင်သူတွေ၊ သဘာ၀တရားကြီးကိုပဲ လွတ်လွတ်လပ်လပ် ခံစားကြည့်ချင်သူတွေအတွက်တော့ အဆင်ပြေပါတယ်။ မီးပေးတဲ့ အချိန်ရောက်ရင်တော့ အခန်းထဲမှာ ဝိုင်ဖိုင် သုံးလို့တော့ ရပါတယ်။ 

Fb Link - https://www.facebook.com/BagoYomaEco

Next

Read 1311 times