ကမ္ဘာပေါ်တွင် အသက်အရွယ်ကြီးမားသော အာရှဆင်များစာရင်းတွင် ပါဝင်တဲ့ ဆင်မကြီး မိုမိုရဲ့ အသက်ကတော့ ၂၀၂၃ ခုနှစ်မှာ အသက် (၇၀) ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ မိုမိုရဲ့ အသက် (၇၀) ပြည့် မွေးနေ့ပါတီကို အောက်တိုဘာလ (၂၈) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့တကွ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာ ဖြစ်ပါတယ်။
မိုမိုရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှ စပြီး နှစ်စဉ်အောက်တိုဘာလမှာ သူမရဲ့ မွေးနေ့ပွဲကို ကျင်းပလေ့ရှိခဲ့ရာ အခု နှစ် (၇၀) ပြည့် မွေးနေ့ပွဲမှာတော့ -
- မိုမို့အတွက် သစ်သီးမွေးနေ့ကိတ်ခွဲခြင်း
- မိုမိုနဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်း
- တိရစ္ဆာန်အလိမ္မာပြပွဲ
- ဂီတနဲ့ ဖျော်ဖြေရေး အစီအစဉ်
- မျက်လှည့်ပြပွဲ
- ချစ်စရာ တိရစ္ဆာန်လိမ္မာလေးများနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းတို့အပြင်
- သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်လေးတွေလည်း အများကြီး ပါဝင်ပါတယ်။
ဒါကြောင့် ဆင်မကြီးမိုမိုရဲ့ မွေးနေ့မှာ မိုမို့အတွက် အမှတ်တရတွေ ဖန်တီးပေးကြရင်း မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ တိရစ္ဆာန်ဥယျာဉ်မှာ လည်ပတ်အနားယူနိုင်ပါတယ်။
သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ရက်တိုက်သွားတာကြောင့် တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ မီးပုံးလေးတွေလည်း အလှဆင် ချိတ်ဆွဲထားပါတယ်။ သီတင်းကျွတ်အားလပ်ရက်မှာ ချစ်ရတဲ့ သားသားမီးမီးတို့နဲ့အတူ ဗဟုသုတလည်းရ အပန်းလည်းပြေတဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားရောက် လည်ပတ်ရင်း ဓာတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရိုက်ကူးနိုင်ပါသေးတယ်။
ဒါ့အပြင် မိုမို့မွေးနေ့လုပ်မယ့် ရက်အတွင်းမှာ ဥယျာဉ်ဝင်ခွင့် အခမဲ့ ရရှိမယ့်အပြင် ဆင်ပြတိုက်ကိုပါ အခမဲ့ဝင်ရောက်လေ့လာနိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်။ အစီအစဉ်ကတော့ အောက်မှာ လင့်ခ်ချပေးထားတဲ့ ပို့စ်မှာ ဆင်မကြီး မိုမိုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် မေးခွန်း (၃) ခုကို ကွန်မန့်မှာ အဖြေမှန် ဖြေဆိုပေးလိုက်ရုံပါပဲ။
ဖြေဆိုထားသူတွေထဲကမှ ဦးဆုံး အဖြေမှန်သူ အယောက် (၇၀) ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကံထူးရှင်တွေကတော့ တခြားအဖော်တစ်ဦးပါ ခေါ်ဆောင်ခွင့်ရှိပြီး ဥယျာဉ်ဝင်ကြေးအခမဲ့နဲ့ ဆင်ပြတိုက်ကိုပါ အခမဲ့ ဝင်ရောက်လေ့လာလို့ ရပါတယ်။
ဆင်မကြီးမိုမိုကို ၁၉၅၃ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ နေတဲ့ ဦးခွန်ဆန္ဒမှ မိသားစုနဲ့ ကွဲကွာနေတဲ့ (၇) နှစ်သား ဆင်မလေးကို တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထိန်းကျောင်းပေးခဲ့တဲ့ ဦးခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆင်မလေးရဲ့ နာမည်ကို မိုမိုလို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုမိုဟာ နားလည်မှုစွမ်းရည် မြင့်မားတာကြောင့် ပြည်သူတွေကြားမှာ ဆင်လို့ ပြောလိုက်ရင်ကို မိုမိုနဲ့ တွဲမြင်ရလောက်တဲ့အထိ လူချစ်လူခင် ပေါပါတယ်။ မိုမိုလို့ ခေါ်လိုက်ရင် ပြန်ထူးတတ်တဲ့ အသံ၊ ခေါင်းငြိမ့်ပြတတ်တဲ့ ပုံစံ၊ နှာမောင်းကို ထောက်ပြီး ခန္ဓာကိုယ်ကို အောက်ငိုက်ရင်း နောက်ခြေကို မြှောက်ကာ ကင်းမြီးကောက်ထောင်ပြတဲ့ ပြကွက်၊ မမပုသိမ်သူ သီချင်းနဲ့ လမ်းလျှောက်အက စသဖြင့် မိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်တဲ့ မိဘပြည်သူတွေကို နှစ်ပေါင်းများစွာတိုင်အောင် ဖျော်ဖြေပေးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ အနားယူခဲ့ရပါတယ်။
အသက် (၇) နှစ်အရွယ်မှာ တိရစ္ဆာန်ဥယျာဉ်ကို စတင် ရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၇၀) တိုင်တိုင် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေသေးတဲ့ ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲကို အတူတူ ဆင်နွှဲပျော်ရွှင်ကြဖို့ ဆန္ဒရှိတယ်ဆိုရင် မိဘပြည်သူတွေအနေနဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါပြီ။
တိရစ္ဆာန်ဥယျာဥ်ကတော့ ရက်ကြီးအခါကြီးများနဲ့ အစိုးရရုံးပိတ်ရက်များပါမကျန် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ တိရစ္ဆာန်ဥယျာဥ်ကို နေ့တိုင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ သွားရောက်လည်ပတ်နိုင်ပါတယ်။
Read 330 times