Travel

Gravity အပြင်ဘက်ခုန်ထွက်သွားသလို ခံစားရမယ့် ပတ္တရားမြို့ရှိ “Space” Hotel

Grande Center Point Space Pattaya

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အာကာသစခန်းပုံစံ အမိုက်စားတည်ဆောက်ထားတဲ့ Grande Center Point Space Pattaya အမည်ရှိ ဟိုတယ်ကို ဩဂုတ်လ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အာကာသစခန်းပုံစံ ဟိုတယ်ဖြစ်သလို ခရီးသွားလည်ပတ်သူတွေအတွက် အထူးဆွဲဆောင်နိုင်တဲ့ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

ထိုဟိုတယ်မှာ Guardians Of The Galaxy နဲ့ Avatar တို့ လို ရုပ်ရှင်ထဲက ဆက်တင်ပုံစံမြင်ကွင်းတွေကို အပြင်မှာ လက်တွေ့ ရင်သပ်ရှုမောဖွယ် ခံစားတွေ့မြင်နိုင်ပါတယ်။

အဆိုပါဟိုတယ်တွင် သင်ကိုယ်တိုင် အာကာသယာဉ်ထဲရောက်ပြီး စကြာဝဠာလိုမျိုး ဖန်းတီးထားတဲ့ မြင်ကွင်းအလှအပတွေကို ကြည့်ရှုနိုင်မယ့် အခန်းအပေါင်း ၄၉၀ ပါရှိပါတယ်။ အခန်းတိုင်းမှာလည်း Pattaya Ocean ကို ကြည့်ရှုနိုင်တဲ့ ကိုယ်ပိုင်လသာဆောင်များလည်း ပါပါသေးတယ်။

Business Travellers (အလုပ်နဲ့ခရီးသွားသူ) တွေအတွက် အဆင်ပြေမယ့် နောက်ဆုံးပေါ် LED ပရိုဂျက်တာနှင့်တကွ ဆန်းသစ်တဲ့ နည်းပညာတွေထည့်သွင်းထားပြီး လူအယောက် ၉၀၀ လောက်ဆန့်တဲ့ အစည်းအဝေးခန်းမကြီးတွေလည်း ပါရှိပါတယ်။

Space Hotel တွင် ၁၂,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ Space Water Park (ရေပန်းဥယျာဉ်)ကို ဇုန်လေးခုခွဲထားပြီး ကြီးမားတဲ့ရေလွှာလျှောများ၊ သဘာဝဆန်ဆန် စီးဆင်းနေတဲ့ Lazy River မြစ်၊ ထူးခြားဆန်းပြားသော Space Pirate Beach (ပင်လယ်ဓားပြကမ်းခြေ) စတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အပြင်အဆင်တွေနဲ့ မွမ်းမံထားပါတယ်။

Space Water Park ရဲ့  ထူးခြားအံ့ဖွယ် ဇုန် ၄ ခုကတော့ -

Mountain Zone

Mountain Zone ကတော့ ဟိုတယ်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ ရှိပါတယ်။ တောတောင်သဘာဝကို အပြည့်အ၀ ခံစားနိုင်မှာဖြစ်ပြီး ရေတံခွန်အစစ်တစ်ခုလို (Cave Pool) စီးဆင်းနေတဲ့ ပြင်းထန်တဲ့ရေအရှိန်ရဲ့အနောက်မှာ Jungle Jacuzzi လို့ခေါ်တဲ့ လိုဏ်ဂူတစ်ခု ရှိပါတယ်။ ၃၃၀ မီတာရှည်တဲ့ Lazy River လို့ခေါ်တဲ့ စိတ်ကို အေးချမ်းစေတဲ့ သဘာ၀ဆန်ဆန်မြစ်တစ်ခုလည်းရှိပါတယ်။ ထို Mountain Zone မှာ လူငယ်လူကြီးမရွေး အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ပါတယ်။

Flying Rock Zone

Flying Rock Zone လို့ခေါ်တဲ့ ကျောက်ဆောင်ကြီးတွေ လေပေါ်ပျံနေသလို တည်ဆောက်ထားတဲ့ ရေကစားကွင်းဇုန်က ကလေးတွေ အထူးနှစ်သက်ကြမယ့်နေရာပါ။

၈ မီတာ အမြင့်ရှိတဲ့ ရေလွှာလျှောစီးစင် (Gaint Slides) ၂ ခုရှိပြီး ကလေးတွေအတွက် ရေကူးကန် Fun Pool နဲ့ သဲသောင်ပြင်ကစားကွင်း (Playground) လည်းရှိလို့  ကလေးတွေရဲ့ အိမ်မက်ကစားကွင်းလေးကတော့ လက်တွေ့ရှိလာပါပြီ။

Space Pirate Beach

ပင်လယ်ဓားပြကမ်းခြေအတုကတာ့ ဟိုတယ်ရဲ့ အနောက်ဘယ်ဘက်အခြမ်းမှာရှိပြီး သဲဖြူဖြူများနှင့် လက်တွေ့ဆန်တဲ့ လှိုင်းလုံးများပါဝင်တာကြောင့် တကယ့်ပင်လယ်ကမ်းခြေကို ရောက်သွားသလို ခံစားရနိုင်ပါတယ်။

Space Ship အာကာသယာဉ်သင်္ဘောပုံစံ စားသောက်ဆိုင်တစ်ခုနဲ့ Beach Bar လည်းရှိပါတယ်။ Beach Bar မှာ လူသိများထင်ရှားတဲ့ အစားအသောက်တွေကို တ၀ကြီး မြည်းစမ်းနိုင်ပါတယ်။

Planet Zone

Planet Zone လို့ခေါ်တဲ့ အာကာသဇုန်မှာကတော့ Mini Golf (ဂေါက်ကွင်းအသေး) နဲ့ Planet Pool ရေကူးကန်ရယ် Amphitheatre လို့ခေါ်တဲ့ ဂရိရှေးဟောင်းစတိုင် ခန်းမဆောင်တစ်ခု ပါဝင်ပါတယ်။

ဒါ့ပြင် The Space Water Park ရဲ့အလည်မှာ ညနေခင်းရဲ့အလှကို ပြီးပြည်စုံစေတဲ့ ရောင်စဉ်မျိုးစုံဖြာထွက်နေတဲ့ သစ်ပင်တစ်ပင် (Spectrum Tree) ရှိပါတယ်။ ထိုနေရာတွင် နေ့ဘက်မှာ ဓာတ်ပုံရိုက်နိုင်ပြီး ညဘက်မှာ အလင်းရောင်စုံဖြာထွက်နေတဲ့အလှကို ခံစားကြည့်ရှုနိုင်ပါတယ်။

Space Water Park သည် မနက် (၇) နာရီကနေ ည (၇)နာရီ အထိဘဲ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

Space ဟိုတယ်က ကလေး၊ လူငယ်၊ လူကြီးမရွေး အပန်းဖြေအနားယူလို့ကောင်းတဲ့အပြင် ရင်သက်ရှု့မောဖွယ်ကောင်းတဲ့ ထူးခြားဆန်းပြားတဲ့ အာကာသစခန်းမြင်ကွင်း အပြင်အဆင်တွေကို မျက်တောင်မခတ်တိုင်း ငေးမောနေရမယ့် နေရာလို့လည်း ဆိုနိုင်ပါတယ်။ ဟိုတယ်အပြင်အဆင်က ထူးခြားဆန်းပြားပြီး လှပလွန်းလို့ ဓာတ်ဖမ်းရင်လည်း အရမ်းမိုက်နေမှာပါ။

⇐ Previous Next

Read 989 times