Health & Beauty

စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ တိုးအောင် ဘယ်လိုလုပ်မလဲ?

How to boost Happy Hormones

လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဂလန်း (glands) တွေက ဟော်မုန်းအမျိုးမျိုးကို နေ့စဉ်နေ့တိုင်း သွေးကြောထဲကို ထုတ်လွှတ်ပေးနေကြပါတယ်။ ဟော်မုန်းတွေက သွေးကြောတွေကနေတဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ရောက်တဲ့အခါ သက်ဆိုင်တဲ့ အလုပ်တွေလုပ်ဖို့ အချက်ပြပေးပါတယ်။ ဥပမာပေးရမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အပ်နဲ့ ထိုးလိုက်တဲ့အခါမှာ နာကျင်ခြင်း ဟော်မုန်းတွေက ထွက်လာပြီး ဦးနှောက်ကို နာဖို့ အချက်ပြသတိပေးသလိုပါပဲ။

ဟော်မုန်းတွေ အများကြီးရှိတဲ့ထဲက Happy Hormones လို့ ခေါ်တဲ့ စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ ဟော်မုန်းတွေ အကြောင်းနဲ့ အဲဒီဟော်မုန်းတွေ ထွက်လာအောင်၊ တိုးလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။

(၁) Dopamine - စိတ်ပျော်ရွှင် ကျေနပ်မှုကို ပေးသော ဟော်မုန်း

ဒီဟော်မုန်းက အလုပ်တာဝန်တစ်ခုခု ပြီးမြောက်အောင် ဆောင်ရွက်လိုက်နိုင်တဲ့အခါမှာ ရရှိလိုက်တဲ့ စိတ်ကျေနပ်မှုမျိုးပါ။ 

  • အိပ်ရေးဝဝအိပ်မယ်
  • ပရိုတင်းဓာတ် များများစားမယ်
  • လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်
  • တရားထိုင်မယ်
  • သီချင်းကောင်းလေးတွေ နားထောင်မယ်ဆိုရင် ခန္ဓာကိုယ်က ပျော်ရွှင်မှုဟော်မုန်း Dopamine ကို ရရှိမှာဖြစ်ပါတယ်။

(၂) Serotonin - စိတ်တည်ငြိမ်စေပြီး အိပ်ပျော်စေသော ဟော်မုန်း

Serotonin က စိတ်ခံစားချက်ကို ကောင်းစေတဲ့အပြင် တစ်နေ့တာအတွက် အရေးကြီးတဲ့ အလုပ်တွေဖြစ်တဲ့ အိပ်တာ၊ စားတာ၊ အစာခြေတာ စတာတွေကို ကောင်းမွန်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကိုပါ တိုးတက်ကောင်းမွန်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ Serotonin ဟော်မုန်း ကျဆင်းလာရင် စိတ်ကျရောဂါ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် Serotonin ဟော်မုန်း မြှင့်တင်ဖို့ဆိုရင် -

  • နေရောင်ခြည်နဲ့ မကြာခဏ ထိတွေ့ပါ။
  • လမ်းများများ လျှောက်ပါ။
  • တရားထိုင်ပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

Click Here > Tharaphu

(၃) Endorphin - နာကျင်မှုကို သက်သာစေသော ဟော်မုန်း

ဒီဟော်မုန်းကတော့ ခန္ဓာကိုယ်အတွက် နေထိုင်မကောင်းတာ၊ စိတ်မသက်မသာဖြစ်တာတွေကို ဖြေလျော့ပေးနိုင်တဲ့ သဘာ၀ ဟော်မုန်းလေးပါ။ နာကျင်မှုကို သက်သာစေတဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။

Endorphin ဟော်မုန်းတွေကို

  • ရယ်မောခြင်း 
  • Dark ချောကလက် စားပေးခြင်း
  • သီချင်းနားထောင်ခြင်း/ အနုပညာတစ်ခုခု ခံစားခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတဲ့ အပြုအမူတွေကနေ အလုံအလောက်ရရှိနိုင်ပါတယ်။

(၄) Oxytocin - အထီးမကျန်ဘူးလို့ ခံစားရစေတဲ့ ဟော်မုန်း

နောက်ဆုံး ဟော်မုန်းတစ်မျိုးကတော့ အချစ်ဟော်မုန်း Oxytocin ပါ။ ဘာကြောင့် အချစ်ဟော်မုန်းလို့ ခေါ်လဲဆိုရင် မိခင်တွေ မီးဖွားရာမှာ လျောလျောလျူလျူ ဖွားမြင်နိုင်ဖို့ မွေးလမ်းကြောင်း ကျယ်အောင် ကူညီပေးသလို မိခင်နို့ တိုက်ကျွေးတဲ့အခါ နို့ရည် ပိုထွက်အောင် လုပ်ဆောင်ပေးပြီး မိခင်နဲ့ ကလေးကြားက ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေလို့ပါ။ Oxytocin က လူတစ်ဦးနဲ့ တစ်ဦးကြားက မြတ်နိုးတွယ်တာမှုကို တိုးမြှင့်စေပြီး ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာလည်း ယုံကြည်မှု ပိုရှိစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။

  • ကိုယ်ချစ်ခင်ရသူနဲ့ ပွေ့ဖက်ခြင်း
  • အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကစားခြင်း၊ ပွတ်သပ်ခြင်း
  • ကိုယ်လေးစား ချစ်ခင်ရသူထံမှ ချီးမွမ်းခံရခြင်း (သို့) စိတ်ခွန်အားပေးခြင်း
  • အုပ်စုဖွဲ့ သီချင်းဆို၊ ကခုန်ခြင်း
  • အနှိပ်ခံခြင်း 
  • ကြိုက်နှစ်သက်တဲ့ အစားအသောက် လုပ်စားခြင်း တို့ကနေ အချစ်ဟော်မုန်းလေးတွေ စုဆောင်းနိုင်ပါတယ်။

ပျော်ရွှင်မှုတွေ ရှားပါးလာတဲ့ ဒီလိုကာလမှာ အပြုအမူ သေးသေးလေးတွေကနေတစ်ဆင့် စိတ်ပျော်ရွှင်စေမယ့် ဟော်မုန်းတွေကို တိုးလာအောင်လုပ်ပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။

 

⇐ Previous Next

Read 967 times