Health & Beauty

အိပ်မပျော်တဲ့ ညပေါင်းများစွာကို အချိန်တိုအတွင်း ဘယ်လို ကုစားမလဲ

How to get rid of many sleepless nights in a short time

ပိတ်ရက်ရှည်တွေ ကုန်ဆုံးသွားတဲ့နောက် လုပ်ငန်းခွင် ပြန်ဝင်နေပြီ ဖြစ်တဲ့အတွက် မိမိအလုပ်မှာ တက်တက်ကြွကြွ အလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် အရေးကြီးတဲ့ အချက်တွေထဲက တစ်ခုကတော့ အိပ်ရေးဝဝ အိပ်ဖို့ပါပဲ။

အလုပ်ပိတ်ရက်တွေမှာ ညနက်တဲ့အထိနေပြီး မနက်ပိုင်းနောက်ကျမှ အိပ်ယာထလေ့ရှိတာက လူငယ်တော်တော်များများရဲ့ ထုံးစံလို ဖြစ်နေတာမို့ အလုပ်ပြန်ဆင်းရမယ့် နေ့တွေမှာ အိပ်ရေးမ၀လို့ ခေါင်းမကြည်တာမျိုး ဖြစ်တတ်ပါတယ်။

မနက်ပိုင်း အိပ်ရေးဝဖို့ဆိုရင် ညဘက်တွေမှာ စောစော အိပ်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Sleep Cycle ပုံမှန်ပြန်ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ညဘက်တွေမှာ စောစောလည်း အိပ်ချင်တယ်၊ အိပ်လို့လည်း မပျော်ဘူးဆိုတဲ့ သူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။ အချိန်မှန် အိပ်ယာဝင်တဲ့ အလေ့အထကို ကျင့်သုံးပါ။

နေ့စဉ် အချိန်တစ်ခု သတ်မှတ်ပြီး အိပ်ယာဝင်ခြင်းအားဖြင့် မိမိဦးနှောက်ကနေ အလိုအလျောက် အိပ်ချိန်ကို သတ်မှတ်ပေးနိုင်ပါတယ်။ ပုံမှန်အချိန်တစ်ခုထဲမှာပဲ နေ့စဉ်အိပ်ယာဝင်မယ်၊ အိပ်ယာထမယ်ဆိုရင် နောက်ရက်တွေမှာလည်း မိမိအိပ်ယာဝင်နေကျ အချိန်ရောက်တဲ့အခါ လွယ်လွယ်ကူကူ အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၂။ အိပ်ခန်းရဲ့ အလင်းရောင်ကို ချိန်ညှိပေးပါ။

Melatonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ လူတစ်ယောက်ရဲ့ Sleep Cycle အတွက် အများကြီး အရေးပါပါတယ်။ ဒီဟော်မုန်းကို မှောင်နေတဲ့အချိန်မှသာ လူ့ဦးနှောက်ထဲကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး အိပ်ငိုက်ခြင်းကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် အိပ်ယာဝင်ချိန်မှာ အိပ်ခန်းရဲ့ အလင်းရောင်ဟာ အနည်းငယ်သာရှိနေဖို့ တစ်နည်းအားဖြင့် မှောင်နေဖို့ လိုအပ်ပါတယ်။

၃။ အလင်းရောင်တွေကို ရှောင်ပါ။

အိပ်ယာမဝင်ခင် အချိန် (၂)နာရီအတွင်းမှာ အလင်းရောင်စူးစူးတွေကို ကြည့်တာမျိုး မလုပ်သင့်ပါဘူး (ဥပမာ တီဗီကြည့်တာ၊ ဖုန်းသုံးတာမျိုး)။ အကယ်၍ မဖြစ်မနေ ကြည့်ရမယ် ဆိုရင်တောင် ဝေးဝေးက ကြည့်တာမျိုး၊ အလင်းကို တော်တော်လေး လျှော့ထားတာတို့ လုပ်ဖို့ လိုပါလိမ့်မယ်။

၄။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။

အားကစားလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေဟာ ကိုယ်ခန္ဓာရဲ့ ဇီ၀ကမ္မဖြစ်စဉ်ကို များစွာအကျိုးပြုတာကြောင့် အိပ်စက်ခြင်းအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ချိန်ဟာ အိပ်ချိန်နဲ့ နီးနေရင်တော့ အိပ်စက်မှုကို အနှောက်အယှက် ဖြစ်စေမှာပါ။ ဒါကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး (၃)နာရီလောက်ခွာပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

၅။ အစားအသောက် ဂရုစိုက်ပါ။

ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်ဖို့အတွက် အစားအသောက်နဲ့ အာဟာရ ဖြည့်တင်းဖို့ကလည်း အရမ်းအရေးပါပါတယ်။ ကဖိန်းဓာတ်နဲ့ နီကိုတင်း စတာတွေက အိပ်စက်မှုကို အနှောက်အယှက် ဖြစ်စေတဲ့အတွက် အိပ်ယာဝင်ခါနီး ကော်ဖီသောက်တာမျိုး၊ ဆေးလိပ်သောက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။

ဒါ့အပြင် အိပ်ယာဝင်ခါနီး အစားစားတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ အထူးသဖြင့် အစာကြေဖို့ ခက်ခဲတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ညဘက်တွေမှာ ရေ သို့မဟုတ် အချိုရည်စတာတွေ အသောက်များရင်လည်း အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ်။

အပေါ်မှာ ပြောပြသွားတဲ့ အချက်လေးတွေကို ဂရုတစိုက်နဲ့ သေချာပြုလုပ်ပေးမယ်ဆိုရင် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

 

⇐ Previous Next

Read 1531 times