Health & Beauty

ချိုင်းကြား ပေါင်ကြားက အမဲကြောင်းတွေ ပျောက်အောင် လုပ်နည်း (၇) နည်း

How to Lighten Dark Inner Thighs

ဂါဝန်တိုတိုလေးဝတ်ပြီး အပြင်သွားချင်ရင်၊ ကမ်းခြေမှာ ဘီကီနီဝတ်ပြီး လန်းချင်ရင်၊ လက်ပြတ်အင်္ကျီလေး ဝတ်ချင်ရင် ပေါင်ကြား၊ ချိုင်းကြား၊ တံတောင်ဆစ်နဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်။ ဒီလိုအမဲကြောင်းတွေက ပွတ်တိုက်ပွန်းရှမှုတွေ၊ ဆဲလ်သေတွေနဲ့ နေလောင်ဒဏ်ကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့် ကိုယ့်ရဲ ခြေတံလှလှလေးတွေနဲ့ လက်မောင်းသွယ်သွယ်လေးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။ ဒီနည်းလမ်းလေးတွေကို ဂုတ်မဲနေတာမျိုးရှိရင်လည်း အသုံးပြုလို့ ရပါတယ်။ 

၁။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားဂျယ်လ်ကို ဇွန်းနဲ့ ခြစ်ပြီး မဲနေတဲ့နေရာလေးတွေကို ပွတ်လိမ်းပိုင်းပါ။ ပြီးရင် ၁၅ မိနစ် - မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ ရှားစောင်းလက်ပတ်က နေလောင်ထားတဲ့အသားအရေနဲ့ အမာရွတ်ကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြား အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်တာဖြစ်တဲ့အတွက် ဆောင်းတွင်းအတွက် အထူးသင့်တော်ပါတယ်။

၂။ ဗီတာမင်-အီး

ဗီတာမင်အီး ပါဝင်တဲ့ ငါးကြီးဆီလို ဆေးဝါးတွေဟာ အရေပြားပေါ်က အမဲကြောင်းတွေကို အမှန်တကယ် ပျောက်ကင်းစေတဲ့ Antioxidant လေးတွေ ဖြစ်ပါတယ်။ သူဟာ အရေပြားကို ကျန်းမာသန့်စင်စေပြီး သတိမထားလိုက်မိခင်မှာပဲ အမဲကြောင်းတွေ၊ အမဲစက်တွေ ကင်းဝေးသွားမှာပါ။

၃။ ပျားရည်

ပျားရည်တစ်ဇွန်းကို သံပုရာရည် အနည်းငယ်နဲ့ ရောပြီး ခွက်တစ်ခွက်ထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ကုံကုမံရွက် အနည်းငယ်ကိုလည်း ထည့်ချင်ထည့်လိုက်ပါဦး။ ပြီးရင် အမဲကြောင်းတွေ ရှိတဲ့နေရာကို အသာလေး ပွတ်ပေးလိုက်ပါ။ ပျားရည်ရော၊ သံပုရာရည်ရောဟာ အကောင်းစား သဘာဝချေးချွတ်ဆေးတွေဖြစ်ပြီး အရေပြားပေါ်က အမဲကြောင်းတွေကို ပျောက်ကင်း စေနိုင်ပါတယ်။ 

၄။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့် အနည်းငယ်ကို ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့နဲ့ ရောပြီး အမဲကြောင်းထင်နေတဲ့ နေရာတွေမှာ အသာလေး လိမ်းပေးလိုက်ပါ။ ဒီနည်းကို Face Mask အဖြစ် သုံးလို့လည်း ရပါတယ်။ ပျားရည်က အရေပြားကို တင်းရင်းစေသလို အုတ်ဂျုံမှုန့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

၅။ အာလူးအရည်

အာလူးကို အခွံခွာပြီး ကြိတ်တာ ဒါမှမဟုတ် ခြစ်တာ လုပ်ပြီး အဝတ်တစ်ခုထဲ ထည့်ပါ။ ပြီးရင်တော့ အရည်ရအောင် ညှစ်ချပြီး ရလာတဲ့ အာလူးအရည်တွေကို Cotton Pad နဲ့ နှစ်ယူပြီး အမဲကြောင်းတွေအပေါ် သုတ်လိမ်းပေးပါ။ တစ်နာရီလောက်ထားပြီးရင်တော့ ရေဆေးချလိုက်လို့ ရပါပြီ။ ဝက်ခြံ၊ အမာရွတ်ရှိရင်လည်း မျက်နှာပေါ် လိမ်းပေးနိုင်ပါတယ်။ 

၆။ ခရမ်းချဉ်သီးအနှစ်

ခရမ်းချဉ်သီးဟာလည်း အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည် လက်ဖက်ရည်ဇွန်း (၄) ဇွန်းခန့်ကို ထောပတ် အနည်းငယ်နဲ့ရောပြီး အမဲရောင်အစင်းကြောင်းတွေ ပေါ်နေတဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ ခရမ်းချဉ်သီးရော၊ ထောပတ်ရောဟာ အရေပြားပေါ်က အမဲစက်တွေ၊ အမဲကြောင်းတွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပြီး အရေပြားကို လင်းလက်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ 

၇။ သံလွင်ဆီ

သံလွင်ဆီဟာလည်း အရေပြားပေါ်က အမဲကြောင်းတွေကို ပြန်လည်ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ညအိပ်ခါနီးမှာ သံလွင်ဆီနည်းနည်းကို သံပုရာရည်လေးရော၊ လက်ခုပ်ထဲထည့်ပြီး အမဲကြောင်းလေးတွေပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲ။ ပြီးရင် တစ်ညသိပ်ထားပေးလိုက်ပေါ့။ သံလွင်ဆီဟာ ကလေးမွေးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဗိုက်ကြောပြတ်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။

တကယ်ပျောက်ချင်ရင် အပေါ်မှာ ပြောပြပေးခဲ့တဲ့ နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။ 

Source - Duwun

⇐ Previous Next

Read 809 times