Travel

ဟိုပုံးမြို့က နိုင်ငံခြားဆန်ဆန် လှတဲ့ လည်ပတ်စရာနေရာ Sky Mountain

Sky Mountain Restaurant in Hopong

ဒီရက်ပိုင်း Social Media မှာ အရမ်းနာမည်ကြီးနေပြီး လူအများကို သွားချင်အောင် ဆွဲဆောင်နေတဲ့ လည်ပတ်စရာနေရာလေးတစ်ခုအကြောင်း မျှဝေချင်ပါတယ်။ သူ့အပြင်အဆင်က သူများနဲ့မတူဘဲ ပုံမှန်ထက် ထူးထူးခြားခြားလေးဆိုတော့ ဟိုပုံးဘက်ရောက်ရင် မဖြစ်မနေ သွားလည်ကြည့်သင့်ပါတယ်။ 

ဆိုင်လေးရဲ့ နာမည်က Sky Mountain (ကောင်းကင်တောင်တန်း) လို့ ခေါ်ပါတယ်။ စားသောက်ဆိုင်ဖြစ်တဲ့အတွက် ဝင်ကြေးပေးစရာ မလိုပါဘူး။ ကောင်းကင်ပြာပြာအောက်က စိမ်းစိုလှပနေတဲ့ တောင်တန်းတွေကို ငေးမောရင်း ရေပေါ်အိမ်လေးထဲမှာ အပန်းဖြေ အနားယူလို့ရမှာ ဖြစ်ပါတယ်။ ရေကူးကန်က အပြာ‌ရောင်လေးမို့ ရေကလည်း အပြာရောင်သမ်းနေပြီး ရုတ်တရက်ကြည့်လိုက်ရင် Instagram မှာ မြင်ဖူးနေကျ နိုင်ငံခြားက နေရာလားလို့တောင် ထင်မှတ်ရပါတယ်။ 

No photo description available.

ရေပေါ်အိမ်လေးတွေမှာ ထိုင်စားချင်တဲ့သူတွေအတွက် ငှားခ ပေးစရာ မလိုပါဘူး။ ရေကန်ဘေးမှာ မထိုင်ချင်တဲ့သူတွေအတွက်လည်း ဟိုပုံးမြို့ ရှုခင်းအလှကို အပေါ်စီးကနေ မြင်တွေ့နိုင်မယ့်နေရာလေးမှာ ထိုင်စားဖို့ ဝိုင်းတွေ ရှိပါတယ်။ တောင်တန်းတွေနဲ့ နီးနေတာဖြစ်တဲ့အတွက် လတ်ဆတ်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်ခံစားရင်း စားကောင်းသောက်ဖွယ်တွေနဲ့ Chill လို့ရပါတယ်။  

Car Parking ကျယ်ကျယ်ဝန်းဝန်လည်း ရှိပါတယ်။ ဆိုင်က တောင်ပေါ်မှာ ဖွင့်ထားတာ ဖြစ်တဲ့အတွက် နောက်ခံတောင်ရှုခင်းတွေနဲ့ ဓာတ်ဖမ်းဖို့ နေရာတွေလည်း ရှိပါတယ်။ မြို့ပြနဲ့ အလှမ်းဝေးတာဖြစ်တဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အပန်းဖြေလို့ ကောင်းပါတယ်။ 

No photo description available.

ရေပြာပြာပေါ်မှာ အပျော်လှေလေးစီးပြီး Instagram ပုံလေးရအောင် ဓာတ်ဖမ်းလို့ ရပါသေးတယ်။ လှေစီးခလည်း ပေးစရာမလိုပါဘူး။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ တောင်ကြီးရောက်ရင် သွားလည်လို့ရမယ့် နေရာလှလှလေးတစ်ခုပါပဲ။ တောင်ကြီးကနေဆို မိနစ် (၂၀) လောက် ကားမောင်းပြီး ထပ်သွားရပါတယ်။  

အစားအသောက်တွေအနေနဲ့ ထိုင်းစာ၊ တရုတ်စာတွေနဲ့ ဖျော်ရည်တွေ ရပါတယ်။ အားနည်းချက်ကို ပြောရမယ်ဆိုရင် အစားအသောက်အရသာကတော့ နည်းနည်းလေး လိုအပ်ချက် ရှိပါတယ်။ ဆိုင်မှာ လူကျရင် ဟင်းပွဲ မှာစားရတာ အကြာကြီး စောင့်နေရပါတယ်။ 

No photo description available.

ဆိုင်လမ်းညွှန်

လိပ်စာ - ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့၊ ရန်ကင်းတောင်၊ ဖာလွိုင်ကျောင်းအနောက်ဖက်

ဖုန်း - 09 410 06722

တောင်ကြီးကနေ ဟိုပုံးကို ဆင်းလာရင် တိုးလ်ဂိတ်ကို ကျော်ပြီး ပအိုးဝ်မတောင်ကိုလည်း ကျော်လာပြီးရင် ဓာတ်ဆီဆိုင်တန်းတွေ ရှိပါတယ်။ ရွှေတံခါးဓာတ်ဆီဆိုင်ကျော်လာပြီးလို့ အောင်ဇော်ထူးဓာတ်ဆီဆိုင်ကို တွေ့ရင် လမ်းဘယ်ဖက်မှာ ဘုန်းကြီးကျောင်း မုခ်ဦးအဖြူ ရှိပါတယ်။ အဲ့လမ်းထဲအတိုင်း တက်လာခဲ့ပါ။ မုခ်ဦးအဖြူကို ကျော်ပြီးလို့ နောက်ထပ် မုခ်ဦးတစ်ခုကို ကျော်ပြီးရင် ဘုန်းကြီးကျောင်းတက်တဲ့ လမ်းကို မဝင်သွားဘဲ သူ့ဘေးက သဲလမ်းကို တည့်တည့်ဝင်သွားရင် ဆိုင်ရောက်ပါပြီ။ 

⇐ Previous Next

Read 944 times