Travel

အာရှနှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်

Myanmar is considered the richest biodiversity hotspot in Asia and the Pacific

မြန်မာနိုင်ငံသည် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ကုန်းနေရေနေသတ္တဝါ၊ ငှက်မျိုးစိတ်နှင့် ရေချို၊ ရေငံငါးမျိုးစိတ်များ အပါအဝင် အပင်မျိုးစိတ်ပေါင်းများစွာ ရှိသောကြောင့် အာရှနှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။

မြန်မာ့သစ်တောများထဲတွင် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင်အပါအဝင် နို့တိုက်သတ္တဝါ (၂၅၂) မျိုး၊ မိကျောင်း၊ စပါးကြီးမြွေ အပါအဝင် တွားသွားသတ္တဝါ (၂၉၃) မျိုး၊ ငှက်မျိုးစိတ် (၁၀၅၆) မျိုး၊ ကုန်းနေရေနေသတ္တဝါ (၁၃၉) မျိုး၊ ရေချို၊ ရေငံငါးမျိုးစိတ် (၇၇၅) မျိုး ရှိသည်။ 

ဝါး၊ ကြိမ်၊ သစ်ခွနှင့် ဆေးဘက်ဝင်ပင်များ အပါအဝင် အပင်မျိုးစိတ်ပေါင်းသည်လည်း ( ၁၁,၈၂၀ ) ကျော် ရှိကြောင်း မှတ်တမ်းတင်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဒေသရင်းမျိုးစိတ် ( Endemic Species ) များကို ပိုင်ဆိုင်ထားပြီး ၎င်းဒေသရင်းမျိုးစိတ်များတွင် နို့တိုက်သတ္တဝါ (၁) မျိုး၊ တွားသွားသတ္တဝါ (၂၂) မျိုး၊ ကုန်းနေရေနေမျိုးစိတ် (၆) မျိုး၊ ငှက်မျိုးစိတ် (၆) မျိုးနှင့် အပင်မျိုးစိတ် (၈) မျိုးတို့ ပါဝင်သည်။ 

သားငှက်ထိန်းသိမ်းရေးအဖွဲ့ ( WCS ) မှ ၂၀၀၃ ခုနှစ်တွင် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်များကို တောင်းခံခြင်းနှင့် ဆောင်းပါးစာတမ်းများအား သုံးသပ်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေ ( ၇၆ ) ခုရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေ ( ၇၄ ) ခု ထပ်မံ ဆန်းစစ်ဖော်ထုတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ၌ ( ၁၃၂ ) ခု ရှိကြောင်း ဖော်ထုတ် သတ်မှတ်နိုင်ခဲ့သည်။ 

အဆိုပါ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေ ( ၁၃၂ ) ခုအနက် ( ၄၁ ) ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ထားရှိပြီး ( ၇ ) ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ရန် အဆိုပြုထားသည်။ 

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ်နှင့် အခြားသော ရေပြင်ဆိုင်ရာ ဂေဟစနစ်များ အပါအဝင် အရင်းအမြစ်များအားလုံးရှိ သက်ရှိသတ္တဝါများ ကွဲပြားခြားနားစွာ တည်ရှိမှုနှင့် ၎င်းတို့ပါဝင်သည့် ဂေဟစနစ်အမျိုးမျိုး ကွဲပြားတည်ရှိမှုပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကွဲပြားခြားနားသော ဒေသကြီး (၃) ခုဖြစ်သည့် မြောက်ဘက် ဟိမဝန္တာဒေသ၊ အရှေ့ဘက် အင်ဒိုချိုင်းနားဒေသနှင့် တောင်ဘက် မလေးကျွန်းဆွယ်ဒေသတို့ကြား တည်ရှိသည်။ 

၎င်းကဲ့သို့ ဒေသကြီး (၃) ခုနှင့် ဆက်စပ်တည်ရှိသည့်အပြင် နိုင်ငံတွင်းရှိ ကွဲပြားခြားနားသော မိုးရေချိန်၊ မြေမျက်နှာ သွင်ပြင်အနေအထားနှင့် ပေါများသော မြစ်ချောင်းများသည် မြန်မာနိုင်ငံတွင် အမျိုးအစား စုံလင်လှသော သဘာဝသစ်တောများကို ဖြစ်ပေါ် တည်ရှိစေသည်။

⇐ Previous Next

Read 1747 times