Travel

ဝင်ကြေးမရှိ နားနေဆောင်ခ မပေးရတဲ့ စိတ်အပန်းဖြေစရာနေရာ - ပျို့ဖုန်းတို့ရွာ

Natural Village Resort - ပျို့ဖုန်းတို့ရွာ

ဒီတစ်ခေါက်တော့ မြို့ပြဆူညံသံတွေအစား ကျေးငှက်သံလေးတွေ၊ ကောင်းကင်ပြာပြာအောက်က စိမ်းစိုယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ သဘာ၀ဆန်ဆန်လှပနေတဲ့ နေရာလေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ ရန်ကုန်မြို့နဲ့ မနီးမဝေးမှာ တည်ရှိပြီး ဝင်ကြေးမရှိသလို ဝါးဓနိတဲခတွေကိုလည်း ပေးစရာမလိုတဲ့ အပန်းဖြေနေရာလေးရဲ့ နာမည်ကတော့ ပျို့ဖုန်းတို့ရွာဖြစ်ပါတယ်။  

အခုလိုအချိန်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ စုပြီး ငွေကုန်ကြေးကျနည်းနည်းနဲ့ စိတ်အပန်းဖြေလို့ရမယ့် နေရာလေးပါ။ နေ့ချင်းပြန်သွားချင်တဲ့သူတွေအတွက် အခမဲ့ ဝါးဓနိတဲလေးတွေမှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စားသောက်ရင်း အနားယူလို့ရသလို ရပ်ဝေးကလူတွေအတွက် ညအိပ်ချင်ရင်လည်း ဘန်ဂလိုဆောင်တွေကို အခကြေးနဲ့ ငှားပြီး တည်းခိုအနားယူနိုင်ပါတယ်။ 

ပျို့ဖုန်းတို့ရွာမှာ ဘာတွေ လုပ်လို့ရမလဲ ?

- ကလေးတွေအတွက် ကစားကွင်း 

- စားသောက်ရင်း ဝင်အနားယူလို့ရတဲ့ ချစ်စရာ တဲလေးတွေ 

- ဓာတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေ

- လူကြီးတွေအတွက် ငါးမျှားတာ၊ ဘိလိယက်ထိုးတာ၊ သီချင်းဆိုတာ စသဖြင့် လုပ်လို့ရပြီး စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလို့ရမယ့် နေရာလေးပါ။ 

ဒါ့အပြင် တစ်ခြံလုံး အရိပ်ရအပင်တွေ၊ အရောင်အသွေးစုံလင်လှတဲ့ ပန်းပင်လေးတွေ၊ သီးပင်၊ စားပင်တွေ၊ မြက်ခင်းစိမ်းစိမ်းတွေနဲ့ ဓာတ်ပုံရိုက်ဖို့ အလှလုပ်ထားတဲ့ နေရာလေးတွေလည်း သူ့အပန်းဖြေစခန်းထဲမှာ ရှိပါတယ်။ 

ငါးမျှားဖို့အတွက် စျေးနှုန်းတွေကတော့ အောက်ကပုံပါအတိုင်းပါပဲ။

ဒါတင်မကသေး စားဖို့သောက်ဖို့အတွက်ဆိုလည်း ယမကာမျိုးစုံ၊ ကော့တေး၊ ထန်းရည်၊ ခေါင်ရည်၊ အပူ/အအေး တို့အပြင် တရုတ်အစားအစာ၊ ယိုးဒယားအစားအစာ၊ တောအစားအစာ စသဖြင့် အကုန်မှာစားလို့ရပါတယ်။

ပျို့ဖုန်းတို့ရွာရဲ့ အလှဆုံးအချိန်ကတော့ မနက်ခင်းလေး နှင်းဝေတဲ့အချိန်နဲ့ ညနေစောင်း ငှက်တွေ အိပ်တန်းတက်တဲ့အချိန်လေးတွေ ဖြစ်တဲ့အတွက် ညအိပ်သွားရင် ပိုပျော်ဖို့ကောင်းပါလိမ့်မယ်။ ညဘက်ဆို မီးပုံပွဲလေးလည်း လုပ်ပေးတာကြောင့် ကျေးလက်ဒေသရဲ့ အရိုင်းဆန်တဲ့ သဘာ၀အလှတွေကို ကြည့်ရှုခံစားရင်း သောက်စားပျော်ပါးလို့ရတဲ့အတွက် သွားလည်ကြည့်ဖို့သင့်တဲ့ နေရာတစ်ခုပါပဲ။  

လမ်းမသိတာပဲဖြစ်ဖြစ် အသေးစိတ်သိချင်တာဖြစ်ဖြစ် ပျို့ဖုန်းတို့ရွာကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

ဖုန်း - 09 511 9640

လိပ်စာ - ရန်ကုန်တစ်ဖက်ကမ်း၊ ဒလအနီး၊ ကော့မှူးမြို့နယ်၊ ခရာဆုကျေးရွာ၊ ဆယ်အိမ်တန်း ကမ်းခြေသွားတဲ့ လမ်းမှာ ရှိပါတယ်။

⇐ Previous Next

Read 1783 times