ယခုဆို ဝါလကင်းလွတ်ပြီး သီတင်းကျွတ်အခါသမယကို ရောက်နေပြီ ဖြစ်သော်လည်း အခါမဲ့မိုးတွေ ဆက်တိုက်ရွာသွန်းနေတာကို တွေ့ရပါတယ်။ သီတင်းကျွတ်လွန်ပြီးမှ ရွာလာတဲ့မိုးလို ရာသီဥတု ဖောက်ပြန်မှုနဲ့ ရာသီအကူးအပြောင်းကာလဟာ ကျန်းမာရေးကို ဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ အေးမြလိုက်၊ ပူနွေးလိုက် ဖြစ်နေတဲ့ မိုးလေဝသအခြေအနေကြောင့် လူအများစုမှာ တုပ်ကွေး၊ အအေးမိဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ချိန်ညှိနေရတာကြောင့် အားနည်းနေတတ်ပါတယ်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများသာမက ပိုးမွှားမှတစ်ဆင့် ကူးစက်သော ရောဂါများကိုလည်း သတိထားရပါမယ်။ မိုးရေဝပ်တဲ့နေရာတွေက ခြင်တွေ ပေါက်ဖွားဖို့ အခွင့်အရေးရနေတာကြောင့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့ကို အထူးသတိပြုကာ အိမ်ပတ်ဝန်းကျင်မှာ ရေဝပ်နေတဲ့ ပစ္စည်းတွေ မရှိစေဖို့ ရှင်းလင်းပေးရပါမယ်။ ဒါ့အပြင် ရေနှင့် အစားအစာ မသန့်ရှင်းမှုကြောင့် ဖြစ်ပွားနိုင်တဲ့ ဝမ်းရောဂါနဲ့ အစာအဆိပ်သင့်ခြင်းတို့ကိုလည်း ရှောင်ရှားနိုင်ဖို့အတွက် ရေသန့် (သို့မဟုတ်) ကျိုချက်ပြီးသားရေကို သောက်သုံးပြီး လမ်းဘေးအစားအစာတွေ စားသုံးရာမှာ အထူးဂရုပြုသင့်ပါတယ်။
ကျန်းမာရေး ထိခိုက်မှု မရှိစေဖို့အတွက် အဓိက လိုက်နာရမယ့် အချက်ကတော့ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေး ထားဖို့ပါပဲ။ အပြင်ထွက်တဲ့အခါ မိုးကာ ဒါမှမဟုတ် ထီးကို မဖြစ်မနေ ဆောင်သွားပါ။ မိုးစိုသွားပါကလည်း ချက်ချင်း အဝတ်လဲပြီး အနွေးဓာတ်ရအောင် နေပါ။ ကိုယ်ခံအား ကောင်းမွန်စေဖို့အတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်း စတဲ့ သဘာဝအပူဓာတ်ပါတဲ့ အစားအစာတွေနဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို ပုံမှန် စားသုံးပေးပါ။ အရေးကြီးဆုံးကတော့ ရောဂါပိုးမွှား ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ မကြာခဏ ဆေးကြောခြင်းဆိုတဲ့ အလေ့အကျင့်ကောင်းကို အားလုံး မမေ့မလျော့ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
ဖျားနာမှု လက္ခဏာ စတင်ခံစားရပါက အနားယူခြင်း၊ ရေများများသောက်ခြင်းဖြင့် ကိုယ်တိုင်ဂရုစိုက်ပြီး လိုအပ်ပါက ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ ပြသသင့်ပါကြောင်းကိုလည်း MY Yangon Guide က မေတ္တာရှေ့ထား အသိပေးအပ်ပါတယ် ။
.
Read 94 times