Things To Do

COVID-19 ကို မိသားစုနဲ့အတူ တွန်းလှန်နေတဲ့ လူငယ်တစ်ဦးရဲ့ Positive Center က အတွေ့အကြုံများ

The Positive Center Experience struggling with COVID-19 with his family

ကိုဗစ်-၁၉ ရောဂါသည် လေထဲမှတစ်ဆင့် ဖြစ်စေ၊ ပိုးတွေ့လူနာ ထိတွေ့ထားသော အရာဝတ္ထုများအား ကိုင်တွယ်မိရာမှ ဖြစ်စေ ကူးစက်တတ်သော ရောဂါပိုးတစ်မျိုး ဖြစ်သည်။ ကူးစက်ရာတွင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်ပြန့်နှံ့တတ်ပြီး အခန့်မသင့်လျှင် အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ရှိပေသည်။ 

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအတွက် Quarantine Center များနှင့် Positive သမားများအတွက် ကုသရေး စင်တာများစွာ ဆောက်လုပ်ထားလျက် ရှိပြီး အစိုးရ ဆေးရုံများအပြင် ပုဂ္ဂလိက အလှူရှင်များ၏ ကုသရေး စင်တာဆောက်လုပ် လှူဒါန်းမှုများ၊ ပရဟိတ လူငယ်များနှင့် စေတနာ့ဝန်ထမ်းများ၏ ကူညီမှုများဖြင့် ကိုဗစ်-၁၉ ဝေဒနာရှင်များအား ကာကွယ်ထိန်းချုပ် ကုသပေးလျက် ရှိသည်။ 

 

ရောဂါ ကူးစက်ခံသူများထဲမှ AYA Test & Care တွင် ကုသမှု ခံယူနေသော အမျိုးသမီးတစ်ဦးက ၎င်း၏ အတွေ့အကြုံများအား MY Yangon Guide သို့ ယခုကဲ့သို့ ပြောပြထားသည်။

 

မေး - မိသားစု တစ်စုလုံး Positive ဖြစ်ကြောင်း ဘယ်လိုစသိခဲ့တာလဲ။ 

ဖြေ - အမေက အရင် စဖျားတယ်၊ (၂) ပတ်လောက်နေတော့ ညီမ အနံ့ပျောက်တယ်၊ ပြီးတော့ အဖေပါ ထပ်ဖျားတယ်၊ စစ်တာကတော့ AYA test and care center မှာ register တင်ထားပြီး စစ်လို့ရတာနဲ့ တစ်ခါတည်း အဖြေသိပြီး Quarantine center ကို ရောက်လာတာပါ။ 

 

မေး - အိမ်သားတွေထဲမှာ အသက်ကြီးသူတွေပါလား။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကရော ဘယ်လိုနေလဲ။ 

ဖြေ - မိဘနှစ်ပါးလုံးက အသက် (၆၅) အထက်တွေပါ။ အမေကတော့ အောက်ဆီဂျင် ရှူနေရပါတယ်။

 

မေး - ဘယ်ကနေ စပြီး ကူးစက်ခံခဲ့ရတယ်လို့ ထင်လဲ။ 

ဖြေ - အတိအကျတော့ မသိပေမယ့် ရုံးသွားထားတာ ရှိတယ်၊ တစ်ပတ်တစ်ရက် ဈေးသွားတယ်၊ နောက်ပြီး ရေသန့်လာပို့တာတွေ ရှိတယ်၊ ဈေးသွားတာနဲ့ ရုံးသွားတာက လွဲပြီး အိမ်ပြင်ထွက်တာမျိုး မရှိခဲ့ဘူး။ 

 

မေး - ပြတဲ့ ရောဂါလက္ခဏာတွေက။

ဖြေ - ညီမကတော့ အနံ့ပျောက်တာကလွဲပြီး ဘာမှ မဖြစ်လိုက်ဘူး။ အမေကတော့ အသက်ရှူကြပ်တဲ့ လက္ခဏာတွေတော့ ပြပါတယ်။ 

 

မေး - ကျန်းမာရေးဌာနက လာခေါ်တဲ့ အချိန်က အတွေ့အကြုံလေးတွေ။

ဖြေ - Test center က တစ်ခါတည်း ပြောင်းပေးတာမို့ အခက်အခဲတော့ မရှိပါဘူး။

 

မေး - စင်တာမှာ ကုသမှု ခံယူတဲ့အခါ ဘာတွေ ယူဆောင်သွားရလဲ။ ဘာတွေ အဓိက လိုအပ်လဲ။

ဖြေ - Test Center ကတော့ အဝတ်သုံးစုံလောက်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်း‌တွေ၊ နောက်ပြီး သောက်နေကျ ဆေးတွေ ယူလာဖို့ ပြောပါတယ်။ 

 

မေး - စင်တာမှာ နေ့စဉ် လုပ်ဆောင်ပေးတဲ့ ကျန်းမာရေး စစ်ဆေးမှုတွေက။ 

ဖြေ - မနက်ခြောက်နာရီဆို ဆီးချို၊ အပူချိန်၊ အောက်ဆီဂျင်၊ နှလုံးခံနှုန်း၊ အပေါ်သွေး၊ အောက်သွေးတိုင်းပြီး ဆရာဝန်ကြီးနဲ့ Zoom Call ပြောရတယ်။ ဆီးချိုရှိတဲ့သူတွေက နေ့လည်စားပြီး နှစ်နာရီ၊ ညစာ စားပြီးနှစ်နာရီ တိုင်းပြီး ပြောရတယ်။

 

မေး - အစားအသောက်တွေကိုရော ဘယ်လို စီစဉ်ပေးထားလဲ။ အဆင်ပြေလား။

ဖြေ - စစပိုင်းတော့ ဟင်းကထပ်တယ်၊ ထမင်းတွေ အများကြီး ထည့်ပေးတော့ နေ့တိုင်းအများကြီး ပစ်ရတယ်။ မနက်၊ နေ့လည်၊ ည (၃) ချိန်လုံးအတွက် ထမင်း သို့မဟုတ် ဆန်ပြုတ် စားလို့ရတယ်။ နောက်ပိုင်းမှာတော့ Feel ကနေ မှာပေးတာမို့ မနက်စာဆို ကြာဇံကြော်တို့ ပဲပြုတ်အီကြာကွေးတို့ ထမင်းကြော်တို့ စားရတယ်။ အစားအသောက်ကတော့ အဆင်ပြေပါတယ်။ 

 

မေး - စင်တာမှာ ကုသမှု ခံယူနေတဲ့အချိန် ကိုယ့်ကိုကိုယ် စိတ်ဓာတ်ခွန်အားနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ပြင်ဆင် နေထိုင်ဖြစ်လဲ။ 

ဖြေ - စိတ်ဓာတ်ကျသွားတာတော့ မရှိပါဘူး၊ စင်တာရောက်လာတော့ နည်းနည်းလေး ပိုစိတ်ချသွားတယ်ပေါ့၊ ဘာလို့ဆို ဒီမှာက အောက်ဆီဂျင်တွေဘာတွေ အလွယ်တကူရနိုင်ပြီး၊ ဆရာဝန်တွေနဲ့ အမြဲ ဆက်သွယ်နိုင်တော့ အိမ်မှာ ဘာမှ မရှိတာထက်စာရင် အများကြီး အဆင်ပြေပါတယ်။ 

 

မေး - လက်ရှိ ကိုယ့်မှာ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲ (သို့) ပြဿနာက။

‌ဖြေ - အမေ့ကို စိတ်ဓာတ်မကျအောင် ပြောပေးရတယ်၊ အဆောင်မတူတဲ့ အဖေကိုလည်း စိတ်အားမငယ်အောင် လုပ်ပေးရတယ်၊ နောက်ပြီး ဆွေမျိုးသားချင်းတွေရဲ့ ဖုန်းကို ဒိုင်ခံဖြေပေးရတယ်။

 

မေး - ဘယ်နေ့က စရောက်တာလဲ၊ အိမ်ကို ဘယ်တော့လောက် ပြန်ရမှာလဲ။

ဖြေ - နိုဝင်ဘာ (၃) ရက်နေ့မှာ ကိုဗစ်စစ်ပြီး (၃) ရက်နေ့မှာပဲ အဖြေသိရလို့ စင်တာကို တန်းရောက်ပါတယ်။ သာမန် အနံ့ပျောက် ချောင်းဆိုးတဲ့ လူနာတွေကို (၁၁) ရက်ထားပြီး အောက်ဆီဂျင်သမားဆိုရင်တော့ (၂၁) ရက်အထိ ထားပါတယ်။

 

မေး - စင်တာမှာ နေရတဲ့ အတွေ့အကြုံ (သို့) စင်တာရဲ့ လုပ်ဆောင်ချက်များအပေါ် မိမိအမြင်။

ဖြေ - အတွေ့အကြုံကတော့ PPE ဝတ် Volunteer တွေက စာနာတော့ ကိုယ်တတ်နိုင်သလောက်‌ လုပ်ကူပေးတယ်၊ အောက်ဆီဂျင်ဘူး အသေးတွေဆို ဆွဲကူတယ်၊ လူနာအချင်းချင်း ပြန်ကူညီတယ်။ စည်းစည်းလုံးလုံးလည်း ရှိကြပါတယ်။ စင်တာကတော့ ဆရာဝန်တွေရော Vounteer တွေရော လူနာတွေအပေါ် ဂရုတစိုက် ရှိကြတာမို့ ကုသမှုခံယူနေတဲ့ လူနာတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ 

မေး - မိမိရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေကိုရော ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ ဘယ်လို အကြံပေးချင်လဲ။ 

ဖြေ - မမြင်ရတဲ့ ရောဂါမို့ တတ်နိုင်သလောက် မိမိကိုယ်ကိုယ် ကာကွယ်ပါ။ မတော်လို့ ရောဂါကူးစက်ရင်တောင် စိတ်ဓာတ်မကျပါနဲ့။ ကောင်းမွန်စွာ အနားယူပြီး ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်နိုင်ရင် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အိပ်ရေးဝဝအိပ်ပါ၊ အစားကောင်းကောင်းစားပါ၊ ကိုယ်ခံအားကျတာနဲ့ အလွယ်တကူ ဝင်လာနိုင်တာ အမေက သက်သေပဲဆိုတော့ အားရှိအောင် နေထိုင်စားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြန့်ပွားမှုနှုန်း တစ်စစ မြှင့်တက်လာပြီး တစ်ချို့ကလည်း တတိယလှိုင်း စတင်တော့မည်ဟု ခန့်မှန်းထားကြသည်။ အလုပ်ရုံများ၊ ရုံးဌာနများတွင်လည်း Work From Home ကာလ ပြန်လည်စတင်တော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေပေသည်။ 

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ၌ COVID-19  ပိုးတွေ့လူနာ စတင် တွေ့ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်၊ ကာကွယ်နိုင်ရန် ...

 

ရန်ကုန်ရှိ မြို့နယ်အားလုံး Stay at Home နေထိုင်ကြရန်၊ 

ည (၁၂) နာရီမှ မနက် (၄) အထိ ညမထွက်ကြရန်၊

လူ (၃၀) ဦးနှင့်အထက် လူစုလူဝေး မပြုလုပ်ရန်၊  

ပြည်ပသို့ ခရီးသွားလာမှုများ မပြုရန် စသည့် အမိန့်ကြေငြာချက်များကို ထုတ်ပြန်ခဲ့ကာ လက်ရှိအချိန်ထိ  ကန့်သတ်ချက်အားလုံးသည် ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာလ (၁၈) ရက်နေ့၊ ည (၈) နာရီအထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်သူဦးရေ ၇၃,၃၂၂ ဦး၊ သေဆုံးသူဦးရေ ၁,၆၅၀ ဦးထိ များပြားလာပြီး ပြန်လည် သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၅၄,၇၆၄ ဦး ရှိကြောင်း သိရသည်။

⇐ Previous Next

Read 3884 times