Travel

ပုဂံရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာ (၁၀) ခု

Top 10 Places in Bagan

မြန်မာနိုင်ငံရဲ့  တစ်ခုတည်းသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်စရင်းဝင် နေရာဖြစ်တဲ့ ပုဂံမြို့တွင် မြန်မာလူမျိုးတို့ရဲ့ အလေးထားရာ ဘုရားစေတီပုထိုးများက လက်ညိုထိုးမလွဲအောင် မြောက်မြားစွာ ရှိပါတယ်။ 

နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း မြန်မာနိုင်ငံကိုရောက်ရင် ပုဂံဒေသကိုတော့ မဖြစ်မနေ သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။ ပုဂံဘုရားတွေဖူးရင်း ညနေခင်း နေဝင်ဆည်းဆာ ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်လောက်အောင် ကြည်နူးဖို့ကောင်းပါတယ်။

ဒါကြောင့် အခါအခွင့်ကြုံလို့ ပုဂံရောက်ဖြစ်တဲ့အခါ အဓိကားထား သွားရောက်လည်ပတ်သင့်တဲ့ နေရာ (၁၀) ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) သရပါဂိတ်

အေဒီ (၈၄၉) ခုနှစ်တွင် ပျဉ်းပြားမင်းက ပုဂံမြို့ရဲ့ အရပ်လေးမျက်နှာ လုံခြုံဖို့အတွက် မြို့ရိုးဂိတ် (၁၂) ပေါက် တည်ဆောက်ခဲ့ပါတယ်။ ဒီထဲမှ သရပါဂိတ်သည် ပုဂံမြို့ရိုးရဲ့ အရှေ့ဘက်ဂိတ်ဖြစ်ပြီး ပုဂံမြို့ဟောင်းရဲ့ အဓိကဝင်ပေါက်လည်းဖြစ်ပါတယ်။

အနောက်ဘက်နဲ့ မြောက်ဘက်ရှိ ဂိတ်တွေကတော့ မြစ်ရေကြောင့် ပျက်စီးသွားတယ်လို့ သိရပါတယ်။ သရပါဆိုတာ ပါဠိဝေါဟာရဖြစ်ပြီး မြန်မာလို "မြှားတွေရဲ့ အကာအကွယ်"ဟု အဓိပ္ပါယ်ရပါတယ်။

သရပါဂိတ်ရဲ့ ဘေးတစ်ဘက်တစ်ချက်စီတွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲ မောင်တော် "တောင်ကြီးအရှင်"၊ လက်ယာ နှမတော် "ရွှေမျက်နှာ") တို့ရဲ့ နတ်ကွန်းများရှိပါတယ်။

(၂) အာနန္ဒာဘုရား

အာနန္ဒာဘုရားသည် ပုဂံတွင် ကျန်ရှိသော အဓိက စေတီလေးဆူအနက် တစ်ခုဖြစ်ပါတယ်။ အာနန္ဒာဘုရားသည် မွန်ဗိသုကာလက်ရာများအနက် အထင်ရှားဆုံး လက်ရာတစ်ခုဖြစ်ပါတယ်။

၁၉၇၅ ခုနှစ် ငလျင်တုန်းက အာနန္ဒာသည် သိသိသာသာ ပျက်စီးထိခိုက်ခဲ့ပေမယ့် အခုတော့ ပြန်ပြင်ထားလို့ လုံး၀အကောင်းတိုင်း ပြန်ရှိနေပါပြီ။

အာနန္ဒာဘုရားကို အေဒီ (၁၁၀၅) ခုနှစ် ဝန်းကျင်တွင် ကျန်စစ်သားမင်းကြီးက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အာနန္ဒာဘုရားသည် ပုဂံခေတ်နှောင်းပိုင်းနှင့် အလယ်ခေတ်အစရဲ့ အသွင်အပြင်ကို အချိုးအစားကျကျ ပုံဖော်ထားတဲ့ ဘုရားဖြစ်ပါတယ်။

ကျန်စစ်သားမင်းကြီးသည် ပုဂံလွင်ပြင်အလယ်တွင် အေးမြသော ဘုရားကျောင်းကို တည်ဆောက်လိုသော ဆန္ဒရှိခဲ့တာကြောင့်  အာနန္ဒာဘုရားကို တည်ဆောက်ခဲ့ပြီး ဘုရားအဆောက်အအုံ ပုံစံတူ နောက်ထပ်မရှိစေရန် ဗိသုကာပညာရှင်များကို ကွပ်မျက်ခဲ့တယ်လို့ ဒဏ္ဍာရီရှိခဲ့ဖူးပါတယ်။

(၃) ဗူးဘုရား

ဗူးဘုရားကို တတိယမြောက် ပုဂံမင်းဆက် ဘုရင် ပျူစောထီး တည်ခဲ့တာဖြစ်ပြီး ဧရာ၀တီမြစ်ကမ်းနဖူးတွင် တည်ရှိပါတယ်။ ဘုရင်ပျူစောထီးသည် မြစ်ကမ်းပါးအစပ်တွင် ရှုပ်နေသော ဗူးပင်၊ ဗူးနွယ်၊ ဗူးချုံများကို ရှင်းလင်း အောင်မြင်ခဲ့သော နေရာတွင် တည်ထားကိုးကွယ်ထားတာကြောင့် ဗူးဘုရားလို့ ခေါ်တယ်ဆိုပြီး လူအများ ယုံကြည်လျက်ရှိကြပါတယ်။

(၄) ရွှေဆံတော်ဘုရား

အနော်ရထာမင်းသည် အေဒီ (၁၀၅၇) ခုနှစ်တွင် ရွှေဆံတော်ဘုရားကို တည်ဆောက်ခဲ့ပါတယ်။ အနော်ရထာမင်း တည်ထားသော ကောင်းမှုတို့အနက် ရွှေဆံတော်စေတီသည် ရှေးအကျဆုံး စေတီလက်ရာ ဖြစ်ပါတယ်။

ရွှေဆံတော်စေတီတော်ကို စတုရန်းလေးထောင်ပုံ ပစ္စယံ ငါးဆင့်ဖြင့် တည်ဆောက်ထားပါတယ်။ စေတီမျက်နှာ အလယ်မှာ လှေကားများပါရှိပြီး နည်းနည်းမတ်စောက်ပါတယ်။

မြန်မာပြည်မှာ ရွှေဆံတော်ဘုရား လေးဆူ ရှိပါတယ်။ ပုဂံက ရွှေဆံတော်ဟာ အဲဒီနာမည်တူဘုရား လေးဆူအနက် တစ်ဆူဖြစ်ပါတယ်။ ကျန်နာမည်တူ ဘုရား သုံးဆူကတော့ တောင်ငူ၊ ပြည်နဲ့ တွံတေးမြို့တွေမှာ ရှိပါတယ်။ ဗုဒ္ဓရဲ့ ဆံတော်တွေကို အဲဒီနာမည်တူ ဘုရားလေးဆူမှာ ဌာပနာထားတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။

(၅) ရွှေစည်းခုံဘုရား

ရွှေစည်းခုံဘုရားသည် ပုဂံ၏ အထင်ကရ စေတီလေးဆူအနက် တစ်ဆူဖြစ်ပါတယ်။ ရွှေစည်းခုံဘုရားကို ပုဂံတွင် အရေးအကြီးဆုံး ကျောင်းဆောင်အဖြစ် တည်ဆောက်ခဲ့ပါတယ်။

ရွှေစည်းခုံသည် အနော်ရထာမင်း တည်ထောင်ခဲ့သော ထေရဝါဒ ဗုဒ္ဓဘာသာသာသနာကို ရောင်ပြန်ဟပ်စေပါတယ်။ အနော်ရထာမင်းလက်ထက်တည်းက တည်ဆောက်ခဲ့သော ရွှေစည်းခုံဟာ ကျန်စစ်သားမင်းလက်ထက်ထိ မပြီးဆုံးခဲ့ပါဘူး။

ရွှေစည်းခုံဘုရားကို ဗုဒ္ဓသွားတော်ပုံတူ လေးခုအနက်မှ တစ်ခု ဌာပနာထား တည်ဆောက်ခဲ့ပါတယ်။ ဒုတိယသွားပုံတူမှာ လောကနန္ဒစေတီ၊ တတိယပုံတူက တန့်ကြည်တောင်စေတီ၊ နောက်ဆုံးတစ်ခုမှာ တုရင်တောင်စေတီတော်တို့တွင် အသီးသီးရှိပါတယ်။

(၆) မနူဟာဘုရား

မနူဟာဘုရားသည် ပုဂံမှ တောင်ဘက်ကိုသွားသော လမ်းမကြီးရဲ့ ညာဘက်ခြမ်း မြင်းကဘာရွာမှာ တည်ရှိပါတယ်။ မနူဟာဘုရား အမည်ကို ပုဂံသို့ ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရသော မွန်ဘုရင် မနူဟာကို အစွဲပြု ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မနူဟာဘုရားသည် ပုဂံရှိ အစောဆုံး ဘုရားတွေထဲမှ တစ်ခုဖြစ်ပြီး မနူဟာဘုရင်က အေဒီ (၁၀၆၇) ခုနှစ်တွင် တည်ခဲ့တာ ဖြစ်ပါတယ်။

သုံ့ပန်းဖြစ်တဲ့ မွန်ဘုရင် မနူဟာက ဘုရားကျောင်း ဆောက်ဖို့ ငွေသားအဆင်သင့်မရှိပါဘူး။ ဒီတော့ သူ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်သော မနောမာယာရတနာကို မြင်းကဘာမြို့က ကုန်သည်ကြီးတစ်ဦးထံ ရောင်းချခဲ့ပါသည်။ ရောင်းချလိုက်တာကြောင့် ငွေစင်ခြောက်လှည်းကို ရရှိခဲ့ပြီး မနူဟာဘုရားကျောင်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

(၇) ဓမ္မရံကြီးဘုရား

ဓမ္မရံကြီးဘုရားသည် ပုဂံဒေသရဲ့ အထင်ကရ စေတီလေးဆူအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဓမ္မရံကြီးဘုရားကို ဘုရင်နရသူက အေဒီ (၁၁၆၇ - ၁၁၇၀) ခုနှစ်မှာ တည်ခဲ့တာ ဖြစ်ပါတယ်။

ဘုရားကြီးရဲ့  အထုအထည်ကြီးမားတာရယ်၊ အုတ်စီပညာ ကောင်းမွန်တာရယ်ကြောင့် ထင်ရှားကျော်ကြားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ဓမ္မရံကြီးဆိုတဲ့ အမည်ဟာ “တရားရောင်ခြည်တော်များ” လို့ အဓိပ္ပါယ်ရတဲ့ ဓမ္မရံသီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

နရသူမင်းဟာ သူ့ဖခင်နဲ့ အစ်ကိုကို သတ်ခဲ့တဲ့အပြင် သူ့မိဖုရားတွေထဲက ပဋိက္ခရားမင်းရဲ့ သမီးတော် မင်းသမီးကို ဟိန္ဒူဘုရား ဝတ်ပြုပူဇော်တဲ့အတွက် သေဒဏ်စီရင်ခဲ့မိပါတယ်။ ဒီအပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ ဓမ္မရံကြီးဘုရားကို တည်ခဲ့တာလို့ သမိုင်းအရ သိရပါတယ်။

ဘုရားတည်ဆောက်မှုကို မင်းကြီးကိုယ်တော်တိုင် ကြီးကြပ်ခဲ့ပြီး ပန်းရံတွေ အုတ်စီရာမှာ အုတ်ချပ်တချပ်နဲ့ တချပ်အကြား အပ်ထိုးလို့ ဝင်ခဲ့ရင် အဲဒီပန်းရံကို သတ်တယ်လို့ ပြောစကား ကျန်ခဲ့ပါတယ်။

(၈) သဗ္ဗညုဘုရား

သဗ္ဗညုဂူဘုရားသည် ပုဂံရှိ အရေးပါသော အထိမ်းအမှတ် စေတီလေးဆူအနက်မှ တစ်ခုဖြစ်ပါတယ်။ သဗ္ဗညုဂူဘုရားကို ကျန်စစ်သားမင်းကြီးရဲ့ မြေးတော် အလောင်းစည်သူမင်းကြီးက  အေဒီ (၁၁၁၃-၁၁၆၃) ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါတယ်။

ဉာဏ်တော်ပေ (၂၀၀) ကျော် မြင့်တာကြောင့် တခြားဘုရားပုထိုးများကြားတွင် ထီးထီးမားမားကြီး တည်ရှိနေပါတယ်။ သဗ္ဗညုဘုရားအမည်ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြု ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

(၉) ပုပ္ပားတောင်

ပုပ္ပားတောင်သည် ပုဂံမှ ကီလိုမီတာ (၅၀) ခန့်ဝေးပြီး ပုဂံညောင်ဦးလေဆိပ်မှ (၄၅) မိနစ်ခန့် ကားမောင်းရပါတယ်။ ပုပ္ပားတောင်သည် လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းနှစ်သောင်းကျော်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့တယ်လို့ ခန့်မှန်းရတဲ့ မီးတောင်သေတစ်ခု ဖြစ်ပါတယ်။

ပုပ္ပါးတောင်ကို နတ်များ ပျော်စံရာ နတ်တောင်အဖြစ် လူသိများပါတယ်။ ပုပ္ပါးမှာက ရိုးရာနတ်ကိုးကွယ်မှုများ ကြီးစိုးပြီး ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများလည်း ရှိပါတယ်။

ပုပ္ပါးမယ်တော်လို့ တင်စားခေါ်ဝေါ်တဲ့ မယ်ဝဏ္ဏ နှင့် ပုဂံခေတ် ပန်းဆက်သမ ဗျတ္တတို့ရဲ့ အချစ်ဇာတ်လမ်းမှာလည်း ထင်ရှားပါတယ်။ ဆေးဖက်ဝင် အပင်များပေါများရာ ဒေသဖြစ်ပြီး ဇော်ဂျီများ ဆေးကြိတ်တယ်လို့ ဆိုတဲ့ ဆေးကျောက်ပြင်မှာလည်း တောင်ကလပ်အထက်တွင် တည်ရှိပါတယ်။

(၁၀) တုရင်တောင်စေတီ

တန့်ကြည်တောင်စေတီနဲ့ ဆင်တူပြီး ပုဂံဒေသက ထင်ရှားသော စေတီတွေမှာ တုရင်တောင်စေတီလည်း ပါဝင်ပါတယ်။ တုရင်တောင်စေတီကို အေဒီ (၁၀၅၉) ခုနှစ်တွင် အနော်ရထာမင်းကြီး တည်ခဲ့ပါတယ်။

သီရိလင်္ကာမှ ဝိဇရဘမင်းကြီးသည် ဗုဒ္ဓသွားတော်တစ်ခုကို လှူဒါန်းခဲ့ပြီး အနော်ရထာမင်းကြီးက ဗုဒ္ဓသွားတော်နောက်ထပ်တစ်ခုကို တုရင်တောင်စေတီတော်အတွင်း မြင့်မြတ်သောနေရာတွင် မြှုပ်နှံလှူဒါန်းခဲ့ပါတယ်။ စေတီတော်ခြေရင်းတွင် အချိုးအကွေ့အမျိုးမျိုးဖြင့် ပြုလုပ်ထားတဲ့ ဆင်းတုရုပ်ပွားတော် (၃၂) ဆူ ရှိပါတယ်။

⇐ Previous Next

Read 4138 times