Travel

အပန်းဖြေဖို့ အကောင်းဆုံး မြန်မာနိုင်ငံက ကမ်းခြေ (၅) ခု

5 Hidden Beaches In Myanmar

အရှေ့တောင်အာရှမှာ နာမည်ကြီးတဲ့ အင်ဒိုနီးရှား ဘာလီကမ်းခြေလိုပဲ မြန်မာနိုင်ငံမှာလည်း သိပ်ကို လှပ ကြည်နူးဖို့ကောင်းတဲ့ အပန်းဖြေကမ်းခြေတွေ (၁၀) ခုထက်မနည်း ရှိပါတယ်။ မြန်မာနိုင်ငံက ကမ်းခြေတွေဟာ မွန်နဲ့ ဧရာ၀တီမှာ ရှိသလို၊ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာလည်း တွေ့ရတတ်ပါတယ်။

ဒီထဲကမှ ချစ်ရ၊ ခင်ရသူတွေနဲ့ အပန်းဖြေ လည်ပတ်ဖို့ အကောင်းဆုံး ကမ်းခြေ (၅) ခုကို မျှဝေပေးချင်ပါတယ်။

Click Here - GK General Trading

(၁) ငပလီ

ငပလီကမ်းခြေက သံတွဲမြို့ကနေ ၄မိုင် အကွာမှာ တည်ရှိတဲ့ အပန်းဖြေကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ကမ်းခြေအလျား ၂ မိုင် ရှည်လျားပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို မျက်နှာမူထားပါတယ်။

ကမ်းခြေတစ်လျှောက်မှာ ရှိတဲ့ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ၊ ကမ်းရိုးတန်း ကပ်လျက်မှာ ရှိတဲ့ ငပလီ ဂေါက်ကွင်း၊ ကမ်းခြေအနီးမှာရှိတဲ့ ကျွန်းတွေက ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ထားပါတယ်။ ဒါ့အပြင် ငပလီကမ်းခြေ အနီးမှာရှိတဲ့ ပုလဲကျွန်း၊ သဲဖြူကျွန်း၊ ဂေါ့ကမ်းခြေ၊ ချိုင်ကြီး၊ ကျောက်ကလပ်၊ မောင်ရွှေလေးချိုင်၊ ဂျိတ်တောရွာ (တံငါရွာ)၊ မဒေးတောင်၊ ဆင်စခန်းတို့ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

ငပလီမှာ ရေကစားတာ၊ ရေအောက်အလှကြည့်တာ၊ မီးပုံပျံစီးတာ၊ တောင်တက်တာ၊ စက်ဘီးစီးတာအပြင် သံတွဲမြို့ပေါ်တက်ပြီး ဘုရားဖူးတာတွေလည်း လုပ်လို့ရပါတယ်။ ငပလီကမ်းခြေရဲ့ သင်္ကေတကတော့ ၁၉၇၄ ခုနှစ်က ထုဆစ်ခဲ့တဲ့ ရေသူမရုပ်ထု ဖြစ်ပါတယ်။ ငပလီကမ်းခြေရဲ့ ခရီးသွား ရာသီကတော့ နိုဝင်ဘာလမှ ဧပြီလလောက်အထိ ဖြစ်ပါတယ်။

(၂) ငွေဆောင်

ငွေဆောင်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဖက် ၄၈ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ အပန်းဖြေစရာ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေဆို ကားလမ်းခရီး ၅ နာရီလောက်ပဲ ကြာပါတယ်။

ငွေဆောင်က ချောင်းသာထက် လူအရောက်နည်းလို့ ရေပိုသန့်ပြီး အပြာရောင်ရေပြင်၊ ရေလှိုင်းဖြူဖြူကြီးတွေနဲ့ သဘာ၀အတိုင်း အရိုင်းဆန်ဆန် လှပနေပါတယ်။ ငွေဆောင်ရဲ့ နာမည်ကြီး ကျွန်းသုံးကျွန်းဖြစ်တဲ့ ငှက်ကျွန်း၊ လိပ်ကျွန်း၊ ကျွန်းလျားရှည်တို့ကို သွားလည်ပြီး ရေကူးတာ၊ ရေငုပ်တာ၊ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေကို မြည်းစမ်းတာ၊ အလှဓာတ်ပုံရိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။

ဒါ့အပြင် မိုးမခဆင်စခန်း၊ ငွေဆောင်ဆင်စခန်းတို့မှာ အပျော်ဆင်စီးတာအပြင် ဆင်တွေရဲ့ သမိုင်းကြောင်းနဲ့ နေထိုင်စားသောက်ပုံတွေကို လေ့လာနိုင်ပါတယ်။  

(၃) ချောင်းသာ

ချောင်းသာကမ်းခြေကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မှာ တည်ရှိတဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ခရီးသည်တွေ အလာများတဲ့ ကမ်းခြေဖြစ်ပါတယ်။ ပင်လယ်စာတွေကို ဖောဖောသီသီ စားချင်တာဆိုရင် ချောင်းသာကမ်းခြေက အဆင်ပြေပါတယ်။ လူကတော့ တော်တော်လေး စည်တာမို့ လူနည်းပြီး အေးဆေးတာ ကြိုက်ရင်တော့ ငွေဆောင်က ပိုပြီး သင့်တော်ပါတယ်။

ချောင်းသာကမ်းခြေကို ရောက်ရင် အနီးအနားမှာရှိတဲ့ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း၊ ကျောက်မောင်နှမ၊ ရွှေသောင်ယံကမ်းခြေ၊ Sea & Lake ဗျူးပွိုင့်၊ ဝင်ကြေး ငါးထောင်ပေးရတဲ့ Sea & Lake Garden၊ ငှက်တောင် နှင့် ဥတိုချောင်းတို့ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ကမ်းခြေအနီးနားမှာရှိတဲ့ ရွာတွေကို သွားရောက်လေ့လာတာ၊ ပင်လယ်ကမ်းစပ်မှာ အပန်းဖြေ ရေကူးရင်း အလှဓာတ်ပုံ ရိုက်တာ၊ စက်ဘီးစီးတာ၊ မြင်းစီတာ၊ မီးပုံပွဲတွေ လုပ်တာ၊ စျေးပတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

(၄) စပ်စဲ

စက်စဲကမ်းခြေဟာ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ တည်ရှိတဲ့ ကမ်းခြေ အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။ ကမ်းခြေကို အညို​ရောင် သဲတွေနဲ့ ဖွဲ့စည်းထားပြီး ၅.၆ ကီလိုမီတာရှည်လို့ အတော်အသင့် ကျယ်ဝန်းတဲ့  ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။ စပ်စဲမှာ ကျိုက္ခမီ ရေလယ်ဘုရားရှိတော့ ဘုရားဖူးရင်း ကမ်းခြေသွားချင်တဲ့ သူတွေအတွက် အံကိုက်ပါပဲ။

သံလွင်မြစ် ရေစီးပြောင်းတဲ့ အချိန်ဆိုရင် စက်စဲကမ်းခြေမှာ နုန်းတင်လို့ ရေနောက်တတ်ပါတယ်။ စက်စဲကမ်းခြေက (၁၉) ရာစုတည်းက အပန်းဖြေစခန်းရှိခဲ့ပြီး ယခုအချိန်ထိ လူသိများနေတုန်းပါ။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဧည့်သည်တွေ အလာများပါတယ်။

(၅) မောင်းမကန်

မောင်းမကန်ကမ်းခြေဟာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ တည်ရှိပါတယ်။ ထားဝယ်မြို့ကနေဆို အနောက်ဘက် ၆ မိုင်ကျော်ခန့် အကွာမှာ တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးကို မျက်နှာမူထားပါတယ်။

မောင်းမကန်ကမ်းခြေက အခုမှ ပေါ်လာတဲ့ ကမ်းခြေမဟုတ်ပါဘူး။ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ မြေးတော် အလောင်းစည်သူမင်းကြီး လက်ထက်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီးရဲ့ မောင်းမမိတ်သံတွေ ရေဆင်းချိုးရာကနေ မောင်းမကန်လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။

မောင်းမကန်ကမ်းခြေကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ဧည့်သည်တွေ အလာများပါတယ်။ မောင်းမကန်ကမ်းခြေက မြန်မာနိုင်ငံမှာ အဖြောင့်တန်းဆုံး ကမ်းခြေဖြစ်ပြီး ၃ မိုင်လောက် ရှည်လျားပါတယ်။ ပင်လယ်ကဗွီး ပင်တန်းတွေ၊ ငါးဖမ်းလှေငယ်လေးတွေ၊ တံငါသည်တွေနဲ့ ပြန့်ပြူးညီညာနေတဲ့ မောင်းမကန်ကမ်းခြေဟာဆိုရင် ထားဝယ်မြို့ရဲ့ သဘာဝအတိုင်းတည်ရှိနေတဲ့ ကမ်းခြေလေးတစ်ခုလည်းဖြစ်ပါတယ်။ ကမ်းခြေမှာ ဘောကွင်းတွေ ငှားပြီး ရေကစားတာ၊ အုန်းသီးနုရည် သောက်တာ၊ စက်ဘီးစီးတာ၊ ခရုကောက်တာ၊ အမှတ်တရဓါတ်ပုံတွေရိုက်တာတွေ လုပ်နိုင်ပါတယ်။

⇐ Previous Next

Read 1642 times