Entertainment

Netflix တွင် ပြသခွင့်ရခဲ့တဲ့ ပထမဆုံး မြန်မာ Horror ရုပ်ရှင် “လိပ်ပြာစံအိမ်”

Myanmar Horror Movie - The Only Mom on Netflix

ထိုင်းဒါရိုက်တာ ရိုက်ကူးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထွက် “လိပ်ပြာစံအိမ်” (The Only Mom) ရုံတင်ဇာတ်ကားကြီးကို မနေ့က Netflix မှာ စတင်ပြသခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံတကာ ရုပ်ရှင်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ Netflix လို နာမည်ကြီး Streaming Platform တစ်ခုမှာ ပြသခွင့်ရခဲ့တဲ့ ပထမဆုံး မြန်မာရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ 

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ တုန်တုန်တို့ အဓိက ပါဝင်ထားပါတယ်။ ထိုင်းဒါရိုက်တာ ရိုက်ကူးခဲ့တာဖြစ်ပေမဲ့ နောက်ခံတေးဂီတ၊ နေရာအပြင်အဆင်၊ ဝတ်စားဆင်ယင်မှုကအစ မြန်မာမူ၊ မြန်မာဟန်၊ မြန်မာအငွေ့အသက်ကို ပေါ်လွင်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။ ဇာတ်ကားထဲမှာ ပါတဲ့ “ဝါဝါထိန်ထိန် ဖိုးလမင်းတို့အိမ်” ဆိုတဲ့ ကဗျာလေးနဲ့ သံစဉ်ကလည်း နိုင်ငံရပ်ခြားက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

photo_2023-02-01_19-31-42.jpg

Advertisement

Click Here > English Studio by Nath

ဒီရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရုပ်ရှင်ရုံတွေမှာ ပြသနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကတော့ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ASIAN Academy Creative Awards 2019 မှာ “လိပ်ပြာစံအိမ်” ဇာတ်ကားက ဆု (၆) ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုတွေအပြင် အကောင်းဆုံး ဒါရိုက်တာဆုကို Mr. Chartchai Ketnust၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည်၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ အကောင်းဆုံး ဓာတ်ပုံဆုကို Mr.Tearawat Rujinatham တို့က အသီးသီး ရရှိခဲ့ပါတယ်။ 

ဇာတ်လမ်းကတော့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးတစ်အိမ်ကို မိသားစုတစ်စု ပြောင်းလာတဲ့အချိန်မှာ တွေ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်တွေကို မြှပ်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာ မိဘနဲ့ သားသမီးကြားမှာရှိတဲ့ မေတ္တာတရားကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ ကိုအောင်၊ မေနှင်းနဲ့ သူတို့ရဲ့ သမီးလေး သီရိဆိုတဲ့ ကလေးမလေးတို့ မိသားစုဟာ ရေနံချောင်းက ခြောက်ခြားဖွယ် အိမ်ကြီးတစ်အိမ်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးမှာပဲ ကလေးဝိညာဉ် သီတာလေးဟာ မကျွတ်မလွတ်ဘဲ ရှိနေပါတယ်။ သီရိလေးကတော့ မိဘတွေရဲ့ အလိုလိုက်ခြင်း ခံထားရတဲ့ ခပ်ဆိုးဆိုး ကလေးမလေးပါ။ 

အိမ်အသစ်ကို ပြောင်းရွှေ့ပြီး မကြာခင်မှာပဲ သီရိလေးရဲ့ ပုံစံတွေ ပြောင်းလဲလာခဲ့ပါတယ်။ ကလေးမလေးဟာ ညဘက်တွေကျ မအိပ်ဘဲ နေ့ဘက်တွေမှာ တစ်နေကုန် အိပ်နေပါတယ်။ ဒါကို မိခင်ဖြစ်တဲ့ မေနှင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ? ကလေးဝိညာဉ် သီတာလေးဟာ အရမ်းဂရုစိုက်ပြီး ချစ်တတ်တဲ့ သီရိအမေ မေနှင်းကို ပိုင်ဆိုင်ချင်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ? ကလေးဝိညာဉ် သီတာလေးဟာ ဘာကြောင့် အိမ်ကြီးထဲမှာ မကျွတ်မလွတ်ဘဲ ရှိနေရတာလဲ ဆိုတာတွေကို "လိပ်ပြာစံအိမ်" ဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ 

⇐ Previous Next

Read 1211 times