Travel

ဧရာဝတီတိုင်းထဲက ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ကမ်းခြေများ

Best Beaches in Ayeyawaddy Region

ကမ်းခြေလို့ ပြောလိုက်တာနဲ့ တန်းမြင်မိမယ့် နေရာကတော့ ဧရာဝတီတိုင်း ဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ကမ်းသာယာကမ်းခြေနဲ့ ဂေါ်ရင်ဂျီကျွန်း ( နံသာပုကမ်းခြေ ) ဆိုတဲ့ ကမ်းခြေ (၄) ခုကို သွားရောက် လည်ပတ်လို့ ရပါတယ်။

 

ငွေဆောင်နဲ့ ချောင်းသာကတော့ လူတိုင်းနီးပါး လွယ်လွယ်ကူကူ သွားလာနိုင်ကြပေမယ့် ကမ်းသာယာကမ်းခြေက ဘာမှမရှိလို့ လူသိနည်းပြီး အသွားအလာ မရှိသေးသလို ဂေါ်ရင်ဂျီကျွန်းကလည်း ဝေးလံပြီး ငွေကုန်ကြေးကျ နည်းနည်းများတာကြောင့် သွားရောက်သူ နည်းပါးနေပါသေးတယ်။

 

အောက်မှာ ကမ်းခြေတစ်ခုချင်းစီ အကြောင်းနဲ့ တည်နေရာ၊ တည်းခိုနိုင်မယ့် ဟိုတယ်၊ သွားလာနိုင်မယ့် ကားလိုင်း၊ လေကြောင်းလိုင်း၊ လက်မှတ်အရောင်းဌာန စတာတွေကို ဖော်ပြပေးထားပါမယ်။

 

Advertisement

Click Here > Ever Plastics

 

ငွေဆောင်ကမ်းခြေ

 

လူကြိုက်များပြီး အသွားများတဲ့ ကမ်းခြေကို ပြပါဆိုရင် ငွေဆောင်လို့ ပြောလို့ ရပါတယ်။ ဧရာဝတီတိုင်းထဲမှာ ပုသိမ်ခရိုင်ထဲမှာရှိပြီး ရန်ကုန်ကနေ (၅) နာရီကျော်လောက်ပဲ မောင်းရပါတယ်။ ဒီကမ်းခြေမှာ မင်္ဂလာဆောင်တွေ၊ ချစ်ခွင့်ပန်တာတွေကို မကြာခဏ လာရောက် ကျင်းပလေ့ရှိသလို  ဟန်းနီးမွန်းတွေလည်း အထွက်များတာကြောင့် ရိုမန့်တစ်ကမ်းခြေလို့လည်း သုံးနှုန်းကြပါတယ်။ 

 

ကျောက်ဆောင်တွေ သိပ်မရှိပဲ ရေပြင် ကျယ်ပြန့်တာကြောင့် Snorkeling လုပ်လို့ ရသလို ချစ်သူများကျွန်းကို Speed Boat စီးတာ၊ ကမ်းခြေမှာ စက်ဘီးနင်းတာတွေကိုလည်း လုပ်နိုင်ပါတယ်။ ရေအောက်ထိ Diving လုပ်ချင်တယ်ဆိုရင်လည်း အဖွဲ့လေးတွေ ရှိပါတယ်။ စိတ်ချရတာမျိုးကိုတော့ ရွေးချယ်ဖို့ အကြံပြုပါတယ်။

 

ငွေဆောင်က ဟိုတယ်များ

 

 

ချောင်းသာကမ်းခြေ

 

ချောင်းသာကလည်း ငွေဆောင်လိုပဲ လူအသွားအလာ များပြီး ရန်ကုန်ကနေဆို (၆) နာရီလောက် မောင်းသွားရင် ရောက်ပါတယ်။ ရွှေရောင်သဲသောင်ပြင်နဲ့ ကြည်စိမ်းတဲ့ ရေပြင်တွေ ရှိပြီး ပင်လယ်စာလည်း ပေါတာကြောင့် ပိတ်ရက်တွေမှာ သွားရောက် အနားယူဖို့ အကောင်းဆုံးပါပဲ။

 

အနီးအနားမှာရှိတဲ့ ဖိုးကုလားကျွန်း၊ ကျောက်မောင်နှမ၊ ငှက်တောင်တွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။ ကျောက်ဆောင်လေးတွေ အနည်းငယ်တော့ ရှိတာမို့လို့ ရေငုတ်တာမျိုး၊ Snorkeling လုပ်တာမျိုးတော့ အဆင်မပြေနိုင်ပါဘူး။ ငွေဆောင်နဲ့ နီးတာမို့ ချောင်းသာကနေ ငွေဆောင်ကို ဆက်သွားလို့လည်း ရပါတယ်။

 

ချောင်းသာက ဟိုတယ်များ

 

 

ကမ်းသာယာကမ်းခြေ

 

ဒီကမ်းခြေကလည်း ဧရာဝတီတိုင်းထဲမှာ ပုသိမ်ခရိုင်ထဲမှာပဲ ရှိပါတယ်။ ချောင်းသာနဲ့ နီးနီးလေးပါ။ ဒါပေမယ့် လူတော့ သိပ်မသိကြသေးပါဘူး။ အသွားအလာ မရှိခြင်း အကြောင်းရင်းကလည်း ကမ်းသာယာကမ်းခြေမှာ ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်တွေ ကြီးကြီးမားမားနဲ့ များများစားစား မရှိလို့ပါပဲ။

 

မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်ပြီး "Me-Time" လုပ်ချင်တဲ့ သူတွေအတွက်ဆို တော်တော်လေး အပန်းဖြေလို့ ကောင်းမှာပါ။ ဒါပေမယ့် စားစရာ၊ တည်းစရာ အခက်အခဲရှိတာမို့ သွားမယ်ဆိုရင် သူငယ်ချင်းတွေ အများကြီးနဲ့ ပျော်ပွဲစားထွက်ဖို့ပဲ အကြံပေးချင်ပါတယ်။

 

 

ဂေါ်ရင်ဂျီကျွန်း

 

ဧရာဝတီတိုင်းထဲမှာ အလှဆုံး တည်ရှိနေတဲ့ ကျွန်းကတော့ ဂေါ်ရင်ဂျီပါပဲ။ ပုသိမ်ကနေ ငရုတ်ကောင်းမြို့ကို (၅) နာရီလောက် ကားမောင်းသွားရပြီး အဲဒီကနေတဆင့်  ဂေါ်ရင်ဂျီကျွန်းကို (၁၇) မိုင်လောက် ထပ်သွားရပါတယ်။ ရန်ကုန်ကနေဆိုရင်လည်း ငရုတ်ကောင်းကို တိုက်ရိုက်ကားတွေ ရှိပါတယ်။

 

ခုနောက်ပိုင်း ဂေါ်ရင်ဂျီကျွန်းကို လူသိများလာပေမယ့် သွားလာတာတော့ နည်းပါးနေပါသေးတယ်။ ဂေါ်ရင်ဂျီကျွန်းနဲ့ တွဲမြင်ရမှာက နံသာပုကမ်းခြေဖြစ်ပြီး ညနေခင်းတွေမှာ လမ်းလျှောက်လို့ တော်တော်ကောင်းပါတယ်။ ကျွန်းနဲ့ ပင်လယ် အတူတူတွဲပြီး သဘာဝအငွေ့အသက်ကို ခံစားရမှာ အမှန်ပါပဲ။ 

 

ဒါ့အပြင် ကမ်းခြေတစ်လျှောက် ညာဖက်ထိ သွားမယ်ဆိုရင်လည်း ရေချိုတွင်းတွေ၊ လှပတဲ့ သန္တာကျောက်ဆောင်တွေအပြင် အနီးအနားက ကျွန်းစုလေးတွေကို  မြင်တွေ့ရနိုင်ပါတယ်။ ကျွန်းပေါ်က ဟိုတယ်မှာ တည်းခိုလို့ ရသလို့ အနီးအနားက နံသာပုကျေးရွာမှာလည်း တည်းခိုနိုင်ပါတယ်။ 

 

 

ကားလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသွားအေဂျင်စီတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

 

စာရေးသူကတော့ ဒီတစ်ခေါက် ပင်လယ်ကမ်းခြေခရီး သွားမယ်ဆိုရင် ချစ်သူနဲ့ဆို ဂေါ်ရင်ဂျီကျွန်းကို ရွေးချယ်ပြီး သူငယ်ချင်းတွေနဲ့ဆို ကမ်းသာယာကမ်းခြေကို သွားကြည့်ဖို့ စဉ်းစားထားပါတယ်။ ငွေဆောင်နဲ့ ချောင်းသာက သွားပါများပြီး ရိုးနေပြီမလား။ သင်ရော ဘယ်ကမ်းခြေသွားမယ် စိတ်ကူးလဲ…?

 

Su Mon Oo

Photo credit goes to owners.

⇐ Previous Next

Read 1186 times