Travel

တနင်္သာရီတိုင်းထဲက သာယာလှပတဲ့ ကျွန်းနဲ့ ကမ်းခြေ (၁၄) ခု

Best Beaches in Tanintharyi Region

မြန်မာနိုင်ငံမှာ ကမ်းခြေအများဆုံး တည်ရှိနေတဲ့ နေရာကတော့ တနင်္သာရီတိုင်းပဲ ဖြစ်ပါတယ်။ ထားဝယ်ကမ်းရိုးတန်းတစ်လျှောက် မြိတ်ကျွန်းစု၊ ညောင်ဦးဖီးကျွန်း၊ မောင်းမကန်ကမ်းခြေ၊ နဘုလယ်ကမ်းခြေ၊ ပညစ်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ တေဇစ်ကမ်းခြေတွေအပြင် Paradise ကမ်းခြေ၊  မြင်းခွာအောင်ကမ်းခြေ၊ စမ်းလှမ်းကမ်းခြေ၊ ဆင်ထောက်ကမ်းခြေ၊ ရှမ်းမော်ကမ်းခြေ၊ မျှော်ရစ်ကမ်းခြေနဲ့ သရော့ကမ်းခြေ ဆိုပြီး အများကြီး ရှိပါတယ်။ 

 

ဒီထဲကမှ အသာယာဆုံး ကမ်းခြေ (၇) ခုကို တစ်ခုချင်းစီရဲ့ အကြောင်းနဲ့ တည်နေရာ၊ သွားလာနိုင်မယ့် ကားလိုင်း၊ လေကြောင်းလိုင်း၊ တည်းခိုနိုင်မယ့် ဟိုတယ် စတာတွေကို ဖော်ပြပေးသွားပါမယ်။

 

Advertisement

Click Here > Empire Chemicals

 

မြိတ်ကျွန်းစု

 

တနင်္သာရီတိုင်းမှာရှိတဲ့ မြိတ်ကျွန်းစုက မြန်မာနိုင်ငံရဲ့ တောင်ဘက်မှာ တည်ရှိပြီး ကျွန်းတွေနဲ့ ကမ်းခြေတွေက လှပသလို ရေကလည်း ကြည်လင်ပါတယ်။ အထူးသဖြင့် ကတန်ကျွန်းနဲ့ ကက်သရင်းကျွန်းတွေဟာ မြိတ်ကျွန်းစုထဲမှာ ထင်ရှားပြီး ကြီးမားလှပတဲ့ ကျွန်းတွေ ဖြစ်ပါတယ်။

 

နှစ်စဉ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တိုင်း ဆလုံပွဲတော်ကို ကျင်းပလေ့ ရှိတာကြောင့် ဆလုံလူမျိုးတွေရဲ့ ရိုးရာ၊ ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်တွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလထဲ မြိတ်ကျွန်းစုကို သွားရောက် လည်ပတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

 



ညောင်ဦးဖီးကျွန်း

 

ကော့သောင်းကနေ ညောင်ဦးဖီးကျွန်းကို Speed Boat နဲ့သွားရင် (၁၅) မိနစ်လောက်ပဲ ကြာပါတယ်။ ဒီကျွန်းပေါ်ကနေ လှပတဲ့ သန္တာကျောက်တန်းတွေ၊ ဖြူဖွေးတဲ့ သဲသောင်ပြင်၊ ပြာလဲ့နေတဲ့ ရေပြင်ကျယ်နဲ့ စိမ်းလန်းတဲ့ အုန်းပင်တွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း သဘာဝအလှတွေ ခံစားနိုင်သလို Snorkeling လုပ်မယ်ဆိုရင်လည်း ရေက ကြည်လင်နေတာကြောင့် ငါးလေးတွေနဲ့ ပင်လယ်ရေအောက် အလှတရားကို မြင်တွေ့နိုင်မှာပါ။ ဒီကျွန်းကို Myanmar Model Academy က နောက်ဆုံးအစီအစဉ်ကို သွားရောက် ရိုက်ကူးခဲ့ပါသေးတယ်။

 

 

 

မောင်းမကန်ကမ်းခြေ

 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ရှိတဲ့ မောင်းမကန်ကမ်းခြေကလည်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် သာယာလှပတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ထားဝယ်ကနေဆို (၁၀) မိုင်လောက်ပဲ ဝေးပါတယ်။ ပင်လယ်ကမ်းရိုးတန်းပေါ်ကနေ နေဝင်ချိန်၊ နေထွက်ချိန်တွေကို ကြည့်ရတာ အရမ်းလှပါတယ်။

 

ဒီကမ်းခြေမှာ ဒေသထွက် အစားအစာတွေ ပေါများပြီး စားသောက်ဆိုင်တွေလည်း အများအပြား ဖွင့်ထားသလို ဘီယာကလည်း ဈေးသက်သာတာကြောင့် တကယ် ကြိုက်နှစ်သက်သွားစေမယ့် ကမ်းခြေတစ်ခုဖြစ်မှာ အမှန်ပါပဲ။ ကမ်းစပ်မှာ ကျောက်ဆောင်နည်းနည်း ရှိတာမို့ Diving တော့ လုပ်လို့ မကောင်းပါဘူး။



 

နဘုလယ်ကမ်းခြေ

 

နဘုလယ်ကမ်းခြေကိုတော့ လူတွေ နာမည်တောင် ကြားဖူးလိမ့်မယ် မထင်ပါဘူး။ ထားဝယ်နဲ့ (၁၂) မိုင်အကွာမှာ ရှိတဲ့ Hidden Beach တစ်ခုပါ။ အရမ်းတော့ မလှပေမယ့် သဘာဝအရသာကို ခံစားရမှာမို့ သွားဖြစ်ခဲ့ရင် ရွှေဝါရောင်သဲတွေပေါ်မှာ ချစ်သူနဲ့ အတူတူ ကြည်ကြည်နူးနူး လမ်းလျှောက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

ပြီးတော့ ဒီနာမည်ခပ်ဆန်းဆန်းနဲ့ နဘုလယ်ကမ်းခြေက လူအရောက်အပေါက်လည်း နည်းသေးတာမို့ ရောက်ဖြစ်ခဲ့ရင် Social Media မှာ တင်ဖို့အတွက် ဓာတ်ပုံတွေ အများကြီးရိုက်ဖို့ မမေ့ပါနဲ့။ 

 

 

ပညစ်ကမ်းခြေ 

 

နောက်ထပ် ထားဝယ်၊ လောင်းလုံးမှာရှိတဲ့ လူသိနည်း ကမ်းခြေတစ်ခုကတော့ ပညစ်ကမ်းခြေပါ။ ရှော်မော်ကမ်းခြေလို့လည်း သိကြပါတယ်။ ကမ်းခြေက ရှည်လျားပြီး အဆုံးမှာ လှပတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ 

 

ရေကြည်ပြီး နက်တာကြောင့် Professional ရေကူးသူတွေနဲ့ ဟိုးအောက်ထိ ရေငုပ်ချင်တဲ့သူတွေအတွက် အကြိုက်ဆုံး ကမ်းခြေတစ်ခု ဖြစ်စေမှာပါ။ 

 

 

ဖိုးဖိုးကျောက်ကမ်းခြေ

 

နာမည်က ဖိုးဖိုးကျောက်ကမ်းခြေတဲ့။ ထားဝယ်၊ လောင်းလုံးမှာ ရှိပြီး (၄၅) မိနစ်လောက် ကားမောင်းသွားရင် ရောက်ပါတယ်။ အရမ်းလှလို့ ဓာတ်ပုံပညာရှင်တွေ အများကြီး ကင်မရာ အကောင်းစားတွေနဲ့ လာရောက် ရိုက်ကူးကြတဲ့ ကမ်းခြေလေးပါ။ 

 

ကမ်းခြေမှာ ဟိုတယ်တွေ မရှိသေးပါဘူး။ ဒါပေမယ့် အနီးအနားက ထားဝယ်ရွာတွေမှာ တည်းခိုစရာ၊ စားသောက်စရာတွေ ရှိတာမို့ Budget Beach လို့ ပြောလို့ ရပါတယ်။ ဒီကမ်းခြေတစ်ဝိုက် နေဝင်ချိန် နေထွက်ချိန်လည်း ကြည့်လို့ လှသလို ရေကူးလို့လည်း မိုက်ပါတယ်။

 

ဖိုးဖိုးကျောက်ကမ်းခြေ Review

 

တေဇစ်ကမ်းခြေ

 

တေဇစ်ကမ်းခြေက မောင်းမကန်နားမှာပဲ ရှိပါတယ်။ လူသိနည်းနေသေးတဲ့ ကမ်းခြေတစ်ခုပါ။ ထားဝယ်ကနေ (၂၅) ကီလိုမီတာလောက်ပဲ ဝေးတာမို့ မောင်းမကန်လိုပဲ သွားရလာရ သိပ်မခက်ပါဘူး။ ပင်လယ်ထဲ ငါးဖမ်းလှေတွေနဲ့ ငါးဖမ်းနေကြတဲ့ မြင်ကွင်းကို မြင်တွေ့နိုင်မှာ ဖြစ်သလို ကမ်းစပ်မှာ ကလေးတွေ ဆော့ကစားနေကြတာကိုလည်း ကြည်နူးဖွယ် တွေ့မြင်နိုင်ပါတယ်။

 

 

ကားလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသွားအေဂျင်စီတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

 

 

တနင်္သာရီတိုင်းထဲက ကမ်းခြေတွေကို ရန်ကုန်ကနေ ကားနဲ့လည်း သွားရောက်နိုင်သလို လေကြောင်းလိုင်းလည်း ရှိတာမို့ မရောက်ဖူးသေးရင် သွားရောက် လည်ပတ်ကြည့်စေချင်ပါတယ်။ ထားဝယ်လေဆိပ် သို့ ကားဂိတ်ကနေ တက္ကစီနဲ့ တုတ်တုတ်တွေ ငှားရမ်းပြီး ကမ်းခြေကို တိုက်ရိုက်သွားလို့ ရပါတယ်။

 

Su Mon Oo

 

Photo credit goes to owners.

⇐ Previous Next

Read 1344 times