Travel

ဖေဖော်ဝါရီလထဲမှာ သွားရောက် လည်ပတ်သင့်တဲ့ မြို့ (၅) မြို့

Destinations in February

ဖေဖော်ဝါရီလထဲမှာ ခရီးသွားဖို့ စဉ်းစားနေသူတွေအတွက် ပွဲတော်ကျင်းပလေ့ရှိတာကြောင့် သွားရောက် လည်ပတ်သင့်တဲ့ မြို့ (၅) မြို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဘုရားပွဲတော် (၃) ခု၊ နတ်ပွဲ (၁) ခု ပါဝင်ပြီး ကျန်နှစ်ခုမှာ ချင်းအမျိုးသားနေ့နဲ့ ထမနဲထိုးပွဲတို့ ဖြစ်ပါတယ်။ 

 

ခရီးလည်းသွားရင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ၊ ဓလေ့စရိုက်နဲ့ ယဉ်ကျေးမှု ပုံစံတွေကို မြင်တွေ့နိုင်မှာ ဖြစ်သလို မြန်မာ့ရိုးရာ ပွဲတော်တွေကိုလည်း ဒေသခံတွေနဲ့ အတူတူ ဆင်နွှဲနိုင်ပါတယ်။

 

ကိုကြီးကျော် နတ်ကနားပွဲ

 

ကိုကြီးကျော် နတ်ကနားပွဲကို မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာမှာ နှစ်စဉ် တပေါင်းလဆန်း (၃) ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ‌ ကျင်းပပါတယ်။ ကိုကြီးကျော်ပွဲကို ရွှေကူနီပွဲ၊ ပခန်းပွဲ စသဖြင့် ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံမှာ ထင်ပေါ် ကျော်ကြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

 

  • တပေါင်းလဆန်း (၃) ရက်နေ့ - ချိုးရေတော် သုံးသောနေ့
  • လဆန်း (၄) ရက်နေ့ - ရွှေဘုံဆင်းခေါ်ရွှေချနေ့
  • လဆန်း (၅ ရက်မှ (၈) ရက်နေ့ - နတ်ချော့ကြသည့်နေ့
  • လဆန်း (၉) ရက်နေ့ - ကြက်တိုက်နေ့
  • လဆန်း (၁၀) ရက်နေ့ - နတ်ချော့နေ့
  • လဆန်း (၁၁) ရက်နေ့ - တောင်ပြုံးမင်းနှစ်ပါး ကြိုဆိုသောနေ့
  • လဆန်း (၁၂) ရက်နေ့ - နောင်တော်ကြီး နန်းတက်သောနေ့
  • လဆန်း (၁၃) ရက်နေ့ - ရွှေကိုင်း မယ်တော်ကြီး လာသောနေ့
  • တပေါင်းလပြည့်နေ့ - ဆွမ်းတော်ကြီးလောင်းပွဲနေ့ ဆိုပြီး (၁၀) ကျော် ကျင်းပလေ့ ရှိပါတယ်။

 

ထမနဲပွဲ

 

နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်း ထမနဲထိုးကြပြီး တချို့ ကျေးလက်ဒေသတွေမှာ ထမနဲထိုး ပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေပါ ပြုလုပ် ကျင်းပလေ့ ရှိပါတယ်။ ခရီးသွားစရာ မလိုဘဲ မိမိနေထိုင်ရာ အနီးအနား ပတ်ဝန်းကျင်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

 

Advertisement

Click Here > Ko Nyein Maung

 

မဟာမုနိဘုရားပွဲတော်

 

မန္တလေး မဟာမုနိဘုရားပွဲတော်ကို တပို့တွဲ လဆန်း (၁၄) ရက်ကနေ တပို့တွဲလပြည့်အထိ တစ်နှစ်တစ်ခါ ကျင်းပပြီး မဟာမုနိ ရုပ်ရှင်တော်မြတ် ဘုရားကို မဟာမြတ်မုနိ၊ ဘုရားကြီး၊ ရခိုင်ဘုရားကြီး ဆိုပြီးလည်း ခေါ်ဝေါ်ကြပါတယ်။ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။

 

ဘုရားပွဲတော်သွားရင်း မန္တလေးတောင်၊ မန္တလေးကျုံးနဲ့ မြနန်းစံကျော် ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊ တောင်သမန်အင်းနဲ့ ဦးပိန်တံတား၊ မင်းကွန်းပုထိုးတော်ကြီး၊ ကျောက်တော်ကြီးဘုရား၊ အတုမရှိကျောင်း၊ ရွှေနန်းတော်ကျောင်းနဲ့ စန္ဒာမုနိဘုရားတွေကိုလည်း သွားရောက် လည်ပတ် ဖူးမျှော်နိုင်ပါတယ်။

 

မန်းရွှေစက်တော် ဘုရားပွဲ

 

ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း ( တပို့တွဲလဆန်း (၅) ရက်နေ့ကစပြီး ) မကွေးတိုင်း၊ မင်းဘူးမှာရှိတဲ့ ရွှေစက်တော်မှာ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ကျင်းပကြပါတယ်။ စက်တော်ရာစေတီကို ရွှေစက်တော်၊ မန်းစက်တော်ရာ၊ မန်းရွှေစက်တော်လို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ 

 

မန်းရွှေစက်တော်မှာ အောက်စက်တော်ရာနဲ့ အထက်စက်တော်ရာ ဆိုပြီး နှစ်ဌာနရှိပါတယ်။ တောင်ပေါ်မှာရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာ တစ်ဆူကို အထက်စက်တော်ရာလို့ ခေါ်ကြပြီး တောင်အောက်ဘက် မန်းချောင်းဘေးမှာရှိတဲ့ ခြေတော်ရာ တစ်ဆူကို အောက်စက်တော်ရာလို့ ခေါ်ကြပါတယ်။

 

ကျိုက်ခေါက်ဘုရားပွဲတော်

 

ရန်ကုန်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ သန်လျင်မှာ တပို့တွဲ လဆန်း (၈) ရက်ကနေ တပို့တွဲလပြည့်ကျော် (၁) ရက်အထိ ကျိုက်ခေါက် ဘုရားပွဲတော် ရှိပါတယ်။ အနီးအနား ဖြစ်တာကြောင့် လွယ်လွယ်ကူကူ သွားရောက်နိုင်ပြီး ဘုရားပွဲသွားရင်း သန်လျင်မြို့ အနီးတဝိုက်မှာရှိတဲ့ ရေလယ်ကျောက်တန်း၊ ပေါ်တူဂီ ဘုရားကျောင်းတို့ကိုလည်း သွားရောက် လည်ပတ်လို့ ရပါတယ်။

 

ညအိပ်လိုသူတွေအတွက် သန်လျင်မှာ Excel River View Hotel, Super Hotel Thilawa တွေမှာလည်း အေးအေးဆေးဆေး အနားယူလို့ ရပါသေးတယ်။ ရေကူးကန်နဲ့ ကစားကွင်းလည်း ပါတာမို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါပဲ။

 

ချင်းအမျိုးသားနေ့

 

ချင်းပြည်နယ်မှာရှိတဲ့ မြို့တိုင်းနီးပါး ချင်းအမျိုးသားနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ (၁၉) ရက်နဲ့ (၂၀) ရက်နေ့တိုင်း ကျင်းပလေ့ ရှိကြပါတယ်။ အထူးသဖြင့် မြို့တော်ဖြစ်တဲ့ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွေမှာ ခမ်းခမ်းနားနား ကျင်းပကြပါတယ်။

 

ချင်းပြည်နယ်ကို သွားရောက်ရင်း ချင်းအမျိုးသားနေ့ကို တိုင်းရင်းသားတွေနဲ့ အတူတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်သလို ချင်းယဉ်ကျေးမှုပြတိုက်၊ ဗန်ဟရဲရိုးရာအိမ်၊ အိုင်ဒီးရက်ကန်းအိမ်၊ ဟားခါးဗျူးပွိုင့်၊ သီးမြစ်ချိုင့်ဝှမ်း၊ ဇိန်မှုတောင်၊ ဆုတောင်းတောင် စတာတွေကိုလည်း လည်ပတ် လေ့လာနိုင်ပါတယ်။

⇐ Previous Next

Read 869 times