Travel

ရန်ကုန်မြို့ရဲ့ အနီးဆုံးမှာရှိတဲ့ အပန်းဖြေစရာ လှော်ကားဥယျာဉ်

Hlawga Park in Mingalardon

ရန်ကုန်နဲ့ နီးနီးနားနားမှာပဲ အပန်းဖြေ လျှောက်လည်ချင်တဲ့သူတွေအတွက် မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ကင်းဝေးမယ့် လှော်ကားသဘာ၀ဥယျာဉ်အကြောင်းကို ဒီတစ်ပတ်ရဲ့ လည်ပတ်စရာနေရာနေနဲ့ မျှဝေပေးချင်ပါတယ်။ လှော်ကားဥယျာဉ်ကို ၁၉၈၉ ခုနှစ်တည်းက အများပြည်သူတွေအတွက် အပန်းဖြေစရာနေရာတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့တာ အခုဆို ၃၄ နှစ် ရှိခဲ့ပါပြီ။ လှော်ကားဥယျာဉ်ဟာဆိုရင် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း၊ ထောက်ကြံ့အနီးမှာ တည်ရှိပြီး ဧက ၁၅၀၀ ကျော် ကျယ်ဝန်းတဲ့ ဘေးမဲ့တောအုပ်ကြီး ဖြစ်ပါတယ်။ 

လှော်ကားဥယျာဉ်မှာ Mini Zoo တိရိစ္ဆာန်ဥယျာဉ်ငယ်လေးနဲ့ Safari Garden ဆာဖာရီဥယျာဉ်ဆိုပြီး လည်ပတ်စရာ အပိုင်း ၂ ပိုင်း ခွဲထားပါတယ်။ လှပတဲ့ ဆင်စွယ်ကြီးမုခ်ဦးတည်ရှိရာ Mini Zoo အပိုင်းကို လမ်းလျှောက်ဝင်ရောက်နိုင်ပေမဲ့ ဆာဖာရီဥယျာဉ်ဘက်ဆိုရင်တော့ ဧရိယာတော်တော်ကျယ်ပြီး ကုန်းတက်ကုန်းဆင်းတွေ များတာကြောင့် လမ်းလျှောက်လည်လို့တော့ မရနိုင်ပါဘူး။ ဒါကြောင့် နေရာနှံ့စပ်အောင် လည်ပတ်ချင်ရင် ဘာဂီကားလေးတွေ ငှားစီးတာက ပိုအဆင်ပြေပါတယ်။ တစ်ယောက်ကို ဘာဂီယာဉ်စီးခ ၁,၀၀၀ ကျပ်ပါပဲ။ 

Mini Zoo မှာက တိရိစ္ဆာန်လေးတွေ ရှိပေမဲ့ အမျိုးအစားတော့ သိပ်မစုံပါဘူး။ တိရိစ္ဆာန်လေးတွေကို အစာကျွေးဖို့အတွက် အစာကို လှော်ကားဥယျာဉ်ဂိတ်မှာလည်း ရောင်းသလို အထဲမှာလည်း ရောင်းပါတယ်။   

တိရိစ္ဆာန်ဥယျာဉ်ငယ်မှာတော့ ကျား၊ ဟိမဝန္တာဝက်ဝံ၊ ပသျူးဝက်ဝံ၊ မိကျောင်း၊ လိပ်၊ တောကြောင်၊ ရေမြင်း၊ မျောက်နဲ့ ငှက် စတဲ့ တိရိစ္ဆာန်တွေကို ကျုံးတွေ၊ ကန်တွေ၊ လှောင်အိမ်တွေမှာ ထိန်းသိမ်းမွေးမြူ ပြသထားပါတယ်။ ဒါ့အပြင် ငှက်မျိုးစုံကို လေ့လာနိုင်မယ့် ငှက်ပြတိုက် ရှိတဲ့အပြင် ရုပ်လုံးသွင်းထားတဲ့ တိရိစ္ဆာန်မျိုးစုံကို သဘာ၀ထိန်းသိမ်းရေးပြတိုက်မှာလည်း ဝင်ရောက် လေ့လာနိုင်ပါသေးတယ်။  

Safari Garden ဆာဖာရီဥယျာဉ်မှာဆိုရင် စိမ်းစိမ်းစိုစို တောတောင်ရေမြေသဘာဝအလှကို အပြည့်အဝခံစားနိုင်မယ့်အပြင် သဘာဝအတိုင်း လွှတ်ထားပြီး လူနဲ့ ယဉ်ပါးနေတဲ့ ဆတ်လေးတွေ၊ သမင်လေးတွေ၊ ဒရယ်လေးတွေ၊ လူလာရင် အမြဲကြိုနေတတ်တဲ့ နွားနောက်ကြီးတွေနဲ့ အဆော့သန်တဲ့ မျောက်ကလေးတွေကို အစာတွေ ကျွေးရင်း ဥယျာဉ်ထဲ အပန်းဖြေလို့ရပါတယ်။ 

လှော်ကားသဘာဝဥယျာဉ်ထဲမှာ နားနေစခန်း (၄) ခု ရှိပါတယ်။ 

နားနေစခန်း (၁) မှာဆိုရင် တောတွင်းလမ်းလျှောက်တာကို ပြုလုပ်နိုင်ပြီး ရိုးရာတဲတွေမှာလည်း နားခိုနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ ဆင်စီးပြီး သဘာ၀သစ်တော အလှအပတွေကိုလည်း တွေ့မြင်ခံစားနိုင်ပါတယ်။ 

နားနေစခန်း (၂) မှာတော့ ဘန်ဂလို၊ သစ်လုံးအိမ်၊ ရိုးရာတဲ၊ ရေလယ်ကျွန်း၊ ကြာကန်၊ ကန်ပတ်လမ်းနဲ့ စခန်း (၁) နဲ့ (၂) ကို ဆက်သွယ်ထားတဲ့ ဗေလု၀ကြိုးတံတားလေးလည်း ရှိတာမို့ ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး သူငယ်ချင်းအဖွဲ့တွေ၊ မိသားစုတွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်အပန်းဖြေ အနားယူနိုင်ပါတယ်။ တစတစနဲ့ ဆောင်းဝင်လာပြီဆိုတော့ မနက်ခင်းပိုင်းမှာ ဆောင်းခိုငှက်တွေကို စောင့်ဆိုင်းကြည့်ရှုတဲ့ Bird Watching Tour အတွက် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

နားနေစခန်း (၃) က ကန်သာယာကန်ကြီးနဲ့ အနီးဆုံးမှာ တည်ရှိပါတယ်။ ကန်ရေပြင် အလှအပကို ကန်စပ်တစ်လျှောက် သစ်သားကွပ်ပြစ်တွေပေါ်မှာ ကြည့်ရှုခံစားရင်း အနားယူနိုင်ပါတယ်။ ကန်အတွင်းကို လှည့်လည်ကြည့်ရှုဖို့ စက်လှေ၊ ဘဲလှေတွေကိုလည်း ငှားရမ်းစီးနိုင်ပြီး အပန်းဖြေ စားသောက်ဖို့ စားသောက်ဆိုင် အများဆုံး တည်ရှိရာ နေရာလည်းဖြစ်ပါတယ်။ 

နားနေစခန်းအမှတ် (၄) ဟာ နောက်ဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး ကန်စပ်မှာ အပန်းဖြေ အနားယူနိုင်ဖို့ ရေပေါ်စင်တစ်ခု တည်ဆောက်ထားပြီး လူတွေ အများစု ထိုင်လေ့ရှိပါတယ်။ ရိုးရာအဆင့်မြင့် နားနေဆောင်တွေ ရှိတာကြောင့် ငှားရမ်းတည်းခိုနိုင်ပြီး ရေစပ်မြက်ခင်းဧရိယာကလည်း ကျယ်ပြန့်တဲ့အတွက် ပျော်ပွဲစားထွက်သလိုမျိုး အပျော်ကစားနည်းတွေ ကစားပြီး လွတ်လွတ်လပ်လပ် ပျော်ရွှင်လို့ ရပါတယ်။ 

ဘန်ဂလိုတွေမှာ အနားယူမယ်၊ တိရိစ္ဆာန်လေးတွေကို အစာကျွေးမယ်၊ ရေပြင်ကျယ်ကြီးပေါ်မှာ SUP စီးမယ်၊ တောတွင်းလမ်းလျှောက်မယ်၊ သူငယ်ချင်းတွေ အုပ်စုဖွဲ့ ဂစ်တာတီး သီချင်းဆိုမယ်၊ Board games အမျိုးမျိုးကို ဆော့ရင်း ငြင်းခုံရယ်မောကြမယ်ဆိုရင် ဝင်ကြေး ၃,၀၀၀ ကျပ်ပဲ ပေးရတဲ့ လှော်ကားဥယျာဉ်ကိုသာ သတိရလိုက်ကြနော်။ လှော်ကားဥယျာဉ်ကို YBS ၃၇ စီးပြီး အလွယ်တကူ သွားရောက်လည်ပတ်နိုင်ပါတယ်။ 

ဖုန်း - +95 09429998624, +95 09423104231

ဖွင့်ချိန် - မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ

⇐ Previous Next

Read 1332 times