Travel

အညာမြေပုဂံက လည်ပတ်လို့ ကောင်းတဲ့ ထန်းတဲ (၄) နေရာ

Palm Gardens In Bagan

ပုဂံလို့ ပြောလိုက်ရင် လက်ညိုးထိုးမလွဲ တွေ့ရတတ်တဲ့ ပုဂံဘုရားတွေကို အရင်ဆုံး မြင်မိကြမယ် ထင်တယ်နော်။ ဒုတိယအနေနဲ့ဆို ညောင်ဦး-ကျောက်ပန်းတောင် ကားလမ်းဘေးတစ်လျှောက်မှာ ရှိတဲ့ ရိုးရာထန်းတောဆိုင်တွေကလည်း အညာဒေသနဲ့ လုံး၀ ခွဲခြားလို့ မရနိုင်ပါဘူး။ 

Taw-Win-Yadanar-YBG.jpg

Advertisement

Click Here > Taw Win Yadanar (Builders)

ညနေခင်း နေကျသွားတဲ့အချိန်မှာ ထန်းတောထဲက အရိပ်ရ အမိုးအောက်လေးမှာ အေးအေးဆေးဆေးထိုင်၊ ထန်းရည်ချိုချိုလေးသောက်၊ အမြည်းလေးစားရတဲ့ အရသာကို အညာမြေမှာပဲ ရနိုင်တာပါ။ လေကောင်းလေသန့် ရှူပြီး ထန်းတောထဲမှာ လှည့်ပတ်ကြည့်ရှုလို့ရသလို ထန်းလုပ်ပစ္စည်းတွေ ဝယ်ရင်း အမှတ်တရ အလှ ဓာတ်ပုံတွေလည်း ရိုက်လို့ရပါသေးတယ်။ ဒါကြောင့် ပုဂံရောက်ရင် ခရီးသည်တွေ အများဆုံး သွားရောက်လည်ပတ်လေ့ ရှိကြတဲ့ ထန်းတော/ထန်းတဲတွေကို မျှဝေပေးလိုက်ပါတယ်။  

ပိုင်ထန်းတဲ

ထန်းတောအဝင်ဝမှာ ပိုင်ထန်းတဲ ဆိုင်းဘုတ်နဲ့အတူ မြေအိုးလေးကို ချိတ်ဆွဲထားတာက အညာထန်းတောတွေရဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်ပါလိမ့်မယ်။ ထန်းတောထဲ စဝင်လိုက်တာနဲ့ ညာဘက်ခြမ်းမှာ အုန်းထန်းလျက် ချက်လုပ်နေတာကို သွားစပ်စုကြည့်လို့ ရပါတယ်။  

ပိုင်ထန်းတောမှာ အလှဆင်ထားပုံကတော့ ထူးခြားပါတယ်။ ဘူးသီးတွေကို တွဲလောင်းချိတ်ထားတာပါ။ ဘူးစင်ကြီးအောက်မှာ ဝါးကုလားထိုင်တွေ၊ ရေနွေးကြမ်းတွေနဲ့ ခင်းကျင်းပေးထားတော့ အေးဆေး ထိုင်စားလို့ ရပါတယ်။

အဲ့မှာ ဘူးသီးကြော်၊ ပြောင်းဖူးကြော်အပြင် ကျောက်ပွင့်သုပ်၊ ရှောက်သီးသုပ်၊ လက်ဖက်သုပ် စသဖြင့် အသုပ်စုံတွေ ရပါတယ်။ ထန်းပင်ကျရည်စစ်စစ် သောက်ပြီး ငုံး​ကြော်၊ ကြက်​ကြော်၊ အ​ကြော်စုံလေးတွေနဲ့ မြည်းလို့လည်း ရပါတယ်။ ဒါ့အပြင် တခြားအညာ​​ဒေသစာ​တွေလည်း စုံလင်စွာ ရရှိနိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ 

လာရောက် လည်ပတ်သူတွေ သက်သောင့်သက်သာ နားနေနိုင်ဖို့ ထန်းလက်နဲ့ ပြုလုပ်ထားတဲ့ပက်လက်ကုလားထိုင်တွေကိုလည်း အစီအရီ ချပေးထားပါတယ်။  သူ့ထန်းတောထဲမှာ သိပ်လှတဲ့ ပန်းခြံလေးလည်း ရှိပါတယ်။ အိမ်သာတွေလည်း သန့်ပါတယ်။ အင်္ကျီလဲပြီး သနပ်ခါးပါ စိတ်ကြိုက်လိမ်းလို့ ရတဲ့ အခန်းငယ်လေးလည်း ရှိပါသေးတယ်။

အညာလက်ဆောင်ထန်းတဲ

အညာလက်ဆောင် ထန်းထဲကို လှမ်းမြင်တာနဲ့ ဓါတ်ဖမ်းချင်သွားမှာ အသေအချာပါပဲ။ သူက တဲတွေကို ထန်းမျှော်စင် (လင့်စင်)လို ပုံစံမျိုး လုပ်ထားတာပါ။ အပေါ်ကနေ မြင်ကွင်းကောင်းကောင်း မြင်နိုင်ဖို့ ထန်းပင်အမြင့်ပေါ်မှာ ကွပ်ပျစ်လေးတွေ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အညာဒေသရဲ့ ပြယုဂ်ဖြစ်တဲ့ လှည်းဘီးကြီးတွေနဲ့ အလှဆင် ဆောက်လုပ်ထားတဲ့ ထန်းတဲကို မြင်တာနဲ့ အဲ့ဒါ အညာလက်ဆောင်ထန်းတဲဆိုတာ တန်းသိလိုက်ပါတော့။ နွားလှည်းပုံစံ လုပ်ပေးထားတဲ့ နေရာလေးလည်း ရှိပါတယ်။

အညာထန်းရိပ်ထန်းတဲ

ပုံမှန်ဆို ထန်းရည်သောက်ချင်ရင် ညောင်ဦးမြို့အပြင်ကို သီးသန့် ထွက်ရပါတယ်။ ဒီဆိုင်လေးကတော့ စိမ်းညက်ညီမ ဘုရားအနီး၊ ပုဂံမြို့ဟောင်းထဲမှာပဲ ရှိပါတယ်။ မြို့ပြင်ကို ပြန်မထွက်ချင်တဲ့သူ​တွေ အများစု သွား​ရောက် အနားယူ​လေ့ရှိတဲ့ ထန်းတဲပဲ ဖြစ်ပါတယ်။ ထန်းရည်ကတော့ အချို၊ အခါး ၂ မျိုး စလုံး ရပါတယ်။ တမူထူးခြားတဲ့ ကိုယ်ပိုင်တဲလေးတွေ ရှိပြီး အညာဒေသ အစားအစာတွေကို အေးဆေး ထိုင်စားလို့ရပါတယ်။ ဒါ့အပြင် မြိုင်ရာဇာတွတ်ပီထဲက ကာတွန်းဇာတ်ကောင် ရုပ်ပုံတွေနဲ့လည်း ဓာတ်ပုံတွဲရိုက်လို့ ရပါသေးတယ်။ 

ထန်းဥယျာဉ်ထန်းတဲ

ထန်းတဲဆိုင် အ၀မှာတင် နွားလှည်း ပုံစံလေးကို တွေ့မြင်ရမယ့်အပြင် သစ်သားနဲ့ ထွင်းထားတဲ့ ထန်းခုတ်ဓားအိမ်လေးကိုပါ ကြည့်လို့ရအောင် ထားပေးထားပါတယ်။ လင့်စင်အမြင့် ထိုးထားတဲ့ တဲတွေမှာ လေညှင်းခံရင်း ထန်းရည်သောက်လို့ ရပါတယ်။ ထန်းရည် အချို/အခါးအပြင် ထမင်းဆီဆမ်း၊ ငုံးကြော်၊ ဗမာကြက်ကာလသားဟင်း ဗမာကြက်ကောင်လုံးကြော်နဲ့ စားဖွယ်စုံ ရပါတယ်။ ဒီထန်းတောရဲ့ အနောက်မှာ ဥယျာဉ်ခြံလေး တစ်ခုလည်း ရှိပါတယ်။ 

⇐ Previous Next

Read 1121 times