Travel

လည်ပတ်ရန် အကောင်းဆုံး တောင်ပေါ်မြို့လေး (၆) မြို့

The Most Beautiful Mountain Cities in Myanmar

ကမ္ဘာကြီးနှစ်ခြမ်း ကွဲသွားမယ်ဆိုရင်တောင် စိမ်းစိုလှပနေတဲ့ တောင်တန်းတွေရှိရာ အရပ်မှာပဲ နေချင်တဲ့သူတွေအတွက် ရောက်ဖူးသင့်တဲ့ မြန်မာပြည်တွင်းက တောင်ပေါ်မြို့ (၆) မြို့အကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ ကလော

ကလောကို အသွားသင့်ဆုံးအချိန်ကတော့ အခုလို ခိုက်ခိုက်တုန်အောင်ချမ်းနေမယ့် ဆောင်းရာသီပဲ ဖြစ်ပါတယ်။ ကလောဆိုတာနဲ့ အရင်ဆုံး မြင်မိတာက ပန်းနှမ်းခင်းတွေ၊ စပါးခင်းတွေ၊ ရောင်စုံ အကွက်လိုက်ဖြစ်နေတဲ့ ပန်းစိုက်ခင်းတွေ၊ တောင်တန်းတွေဖြစ်ပါတယ်။ ကလောမှာက ကလောဘူတာ၊ ကလောနာရီစင်၊ မြင်းမထိလှိုဏ်ဂူ၊ ဗျိုက်တောင်၊ ကလောနှီးဘုရား၊ ကလောဗျူးပွိုင့် စသဖြင့် လည်ပတ်စရာနေရာလည်း ပေါပါတယ်။

၂။ မတူပီ

ချင်းပြည်နယ်ရဲ့ ကျက်သရေဆောင် အရှည်ဆုံး ရေတံခွန်ဖြစ်တဲ့ ဘုံခုနှစ်ဆင့်ပါ ဘုံတလာရေတံခွန်ကို ရောက်ချင်ရင် မတူပီမြို့ကတဆင့် သွားရတာ ဖြစ်ပါတယ်။ မတူပီမှာ လည်ပတ်စရာ များများစားစား မရှိပေမယ့် တိမ်တွေထက်က မြို့ဆိုတော့ အရမ်းလှပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် တောက်တက်ခြင်း၊ တောကြမ်းလမ်းလျှောက်ခြင်း၊ ဒေသခံရွာများဆီ လည်ပတ်ခြင်းတို့ လုပ်နိုင်ပါတယ်။ အရိုင်းဆန်တဲ့ အလှတရားတွေရှိရာ ချင်းပြည်နယ်က လမ်းခရီးကြမ်းတယ် သွားရခက်တယ် ဆိုပေမယ့် အခုတော့ တဖြည်းဖြည်း သွားရလာရ အဆင်ပြေလာပါပြီ။

၃။ ကန်ပက်လက်

ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါနူးစုမ်ဆိုတဲ့ ဝိတိုရိယတောင်ကို လည်မယ်ဆို ဒီမြို့လေးမှာပဲ တည်းခိုရပါမယ်။ ချယ်ရီတွေနဲ့ လှပနေတဲ့ ကန်ပက်လက်မြို့လေးရယ်၊ ဝိတိုရိယတောင် (ခ) နတ်မတောင် (ခ) ခေါနူးစုမ်က တောင်တက်ခရီးရယ်က သင့်လည်ပတ်မှုကို ပြည့်စုံစေမှာပါ။ ဒီဇင်ဘာအကုန် ဇန်နဝါရီမှာ တောင်ဇလပ်ပန်းတွေ ပွင့်နေပြီဖြစ်တဲ့အတွက် ရှုခင်းကတော့ အမိုက်စားဖြစ်နေမှာပါ။ တောင်တန်းအများကြီးကို အပေါ်စီးကနေ လှမ်းမြင်နေရပြီး သစ်ပင်ကြီးတွေကလည်း ပုံပြင်ဆန်ဆန်နဲ့ ကြည့်လို့ သိပ်ကောင်းပါတယ်။ 

၄။ မိုးကုတ်

"မိုးကုတ်အစ သဖန်းက" ဆိုတဲ့အတိုင်း သဖန်းပင်ရွာကို မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်မှာ တည်ခဲ့တာပါ။ အခုဆို အနှစ် ၈၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ မိုးကုတ်ဆိုတာ ပြည်တန်ပတ္တမြားတွေ ထွက်လို့ ကမ္ဘာမှာ ပတ္တမြားမြေ မိုးကုတ်ရယ်ဆိုပြီး သိကြတဲ့ မြို့လေးဖြစ်ပါတယ်။ ထူးခြားချက်တွေရှိတဲ့ ဒီမြို့လေးမှာ အဖိုးတန်ကျောက်မျက် ရတနာ အဆင်ဒီဇိုင်းအစုံတွေကို အနီးကပ် လေ့လာနိုင်တယ်၊ ဝယ်ယူနိုင်တယ်။ မိုးကုတ်မှာ ကျောက်လက်ညိုးတောင်၊ ကျောက်ပြသာဒ်၊ ကင်းချောင်းရေတံခွန်၊ လယ်ဦးသဘာဝလှိုဏ်ဂူ၊ ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရား စသဖြင့် အထင်ကရနေရာများကို သွားရောက်လည်ပတ်နိုင်ပါတယ်။

၅။ ပြင်ဦးလွင်

တောင်ပေါ်မြို့လို့ ပြောရင် ချန်ထားခဲ့လို့မရတဲ့ နေရာကတော့ ပြင်ဦးလွင်ဖြစ်ပါတယ်။ ရှမ်းတောင်တန်းတွေနဲ့ မြေပြန့်ဒေသကို ကြားခံဆက်သွယ်ပေးထားတဲ့ မြို့လေးလို့ ဆိုရလောက်အောင် မန္တလေးတိုင်းအဆုံး ရှမ်းပြည်နယ်အစ နယ်စပ်မြို့လေးပါ။ ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ တောင်စခန်းမြို့၊ တောင်လှေကားမြို့လို့ အမျိုးမျိုး တင်စားခေါ်ဝေါ်ခဲ့သလို ကိုလိုနီခေတ်တုန်းက မေမြို့ဆိုပြီး ခေါ်ကြပါတယ်။

ပြင်ဦးလွင်မှာ လည်ပတ်စရာနေရာတွေ အများကြီးရှိပြီး ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာလေးတွေကတော့ ဒီဇင်ဘာခြံ၊ The Croft Organic Farm၊ Cozy World Pyin Oo Lwin၊ YGW ခြံ၊ Mico Hill စသဖြင့် ရှိပါတယ်။ ရေတံခွန်တွေအနေနဲ့ ဓါတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်/ပွေးကောက် ရေတံခွန်၊ ရေပျံတောင် ရေတံခွန်တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

၆။ ပင်လောင်း

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀ မှာ တည်ရှိတဲ့ အရင်က "လွယ်လုံ" လို့ နာမည်တွင်တဲ့ ဒီပင်လောင်းမြို့လေးမှာ ရှမ်းပြည်ရဲ့ သင်္ကေတတွေဖြစ်တဲ့ တောင်တန်းတွေ၊ လှေကားထစ်စိုက်ခင်းတွေ၊ စားကောင်းလွန်းတဲ့ ရှမ်းစာတွေ၊ ရိုးသားတဲ့ တိုင်းရင်းသားတွေ အကုန်လုံး ရှိနေပါတယ်။ ခရီးသွား အရောက်အပေါက် နည်းပေမယ့် ရောက်ဖူးပြီးရင်လည်း နောက်တစ်ခေါက် ထပ်လာချင်မိမယ့် နေရာမျိုးပါ။ ခါတိုင်းရောက်ဖူးနေကျ တောင်ပေါ်မြို့တွေနဲ့ မတူတာကတော့ တောင်တန်းအနေအထားပါ။ ပုံသဏ္ဍာန်ဆန်းပြားတဲ့ ကျောက်သားတောင်တွေ များစွာရှိနေသလို ရှုခင်းအနေအထားကလည်း သီးသန့်ကို ကွဲထွက်နေတဲ့ အလှမျိုး ပိုင်ဆိုင်ထားတဲ့ မြို့လေးပါ။ ပင်လောင်းမြို့မှာ လွယ်မောင်းတောင်၊ ဝင်္ကဘာဂူ၊ လုံးနဂါးပတ်စေတီတော်၊ မွေတော်စေတီတော်၊ ပင်လောင်းစျေးတို့ စသဖြင့် လည်ပတ်နိုင်ပါတယ်။

⇐ Previous Next

Read 1712 times