Travel

ဝန်ကြီးများရုံးထဲက သမိုင်းဝင် အထင်ကရ နေရာ (၈) ခု

Yangon Secretariat Building

ဝန်ကြီးများရုံး (ခေါ်) အတွင်းဝန်များရုံးကိုတော့ ရန်ကုန်က လူတိုင်းနီပါး ရောက်ဖူးပြီးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ပန်းချီပြခန်းတွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဓာတ်ပုံရိုက်စရာ နေရာလှလှလေးတွေ ရှိတာကိုတော့ လူတိုင်း သိကြပါတယ်။ ဒါတွေအပြင် အဆောက်အဦးတစ်ခုရဲ့ နောက်ကွယ်က နက်နဲလှတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေနဲ့ ဗိသုကာလက်ရာတွေကို ဝင်ရောက်လေ့လာနိုင်မယ့် နေရာတွေလည်း ရှိပါတယ်။ ဘယ်နေရာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ 

ဝန်ကြီးများရုံး

=======

ကိုလိုနီခေတ် ဗြိတိသျှအစိုးရရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ၁၈၀၀ ခုနှစ်နှောင်းပိုင်းမှာ ဗိသုကာအင်ဂျင်နီယာချုပ် Henry Hoyne-Fox က ဗစ်တိုးရီးယန်းစတိုင် အဆောက်အဦးတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီအဆောက်အဦးကို ၁၉၇၂ ခုနှစ်အထိ အတွင်းဝန်းများရုံးလို့ ခေါ်ဆိုခဲ့ကြပါတယ်။ လွတ်လပ်ရေး ရရှိပြီးတဲ့ နောက်ပိုင်းမှာတော့ အစိုးရရဲ့ ဝန်ကြီးဌာနတွေနဲ့ အစိုးရဌာနတွေကို အတွင်းဝန်ရုံးထဲမှာပဲ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးများရုံးလို့ အမည်ပြောင်းလဲခဲ့ပါတယ်။ 

ဒီအဆောက်အဦးကြီးဟာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကတ်ဘိနက်အဖွဲ့ဝင် (၇) ဦး၊ သက်တော်စောင့် (၁) ဦး စုစုပေါင်း (၉) ဦး လုပ်ကြံခံခဲ့ရတဲ့ နေရာဆိုတာကို လူတိုင်းသိမှာပါ။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် တည်ဆောက်ထားပါတယ်။ ဝန်ကြီးများရုံးကို စုစုပေါင်း မြန်မာကျပ်ငွေ ၂.၅ မီလီယံမျှ အကုန်ကျခံပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ 

ဝန်ကြီးများရုံးထဲက သမိုင်းဝင် အထင်ကရနေရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Advertisement

Click Here > Bawgawadi Co., Ltd.

(၁) မြန်မာ့ပထမဆုံး လွှတ်တော်

ဝန်ကြီးများရုံးထဲမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွှတ်တော်အဆောက်အအုံ တည်ရှိပါတယ်။ လွှတ်တော်အဆောက်အအုံထဲ ဝင်ဝင်ချင်းမှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်က အလံတော်တွေ တွေ့မြင်ရမှာ ဖြစ်သလို သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ လွတ်လပ်ရေး ကြေညာစာတမ်းတွေ၊ သတင်းမှတ်တမ်းတွေ၊ ဓါတ်ပုံတွေ စတာတွေကို လေ့လာရမှာပါ၊၊ 

ပြီးရင်တော့ လွှတ်တော်ခန်းမကြီးထဲ ရောက်သွားပါမယ်။ ဒီနေ့ခေတ် နေပြည်တော်က လွှတ်တော်ပုံစံမျိုး မဟုတ်ဘဲ အင်္ဂလန်က လွှတ်တော်လို ခုံတွေကို U ပုံစံ လေးထောင့်အနေအထား နေရာချထားတာကို တွေ့ရပါတယ်။ ကျွန်းခုံကြီးတွေပဲ သုံးထားပြီး နဖူးစီးမှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံး အသုံးပြုခဲ့တဲ့ ကြယ်ခြောက်ပွင့်နဲ့ အလံကို ချိတ်ဆွဲထားပါတယ်။ အပေါ်ထပ် ဘေးတဖက်တချက်မှာလည်း ဝရံတာထည့်ထားပြီး စာနယ်ဇင်းသမားတွေ သတင်းရယူဖို့ နေရာလုပ်ပေးထားလို့ အတော်လေး စနစ်ကျတာ တွေ့ရပါတယ်။ 

တဖက်ခန်းမှာတော့ အာဇာနည်ကိုးဦး ရုပ်တုတွေရယ် ၊ လွတ်လပ်ရေးရဲ့ အဓိကစာချုပ်တွေဖြစ်တဲ့ အောင်ဆန်း - အတ်တလီစာချုပ် ၊ နု - အတ်တလီစာချုပ် စတာတွေကိုလည်း မှန်ဘောင်သွင်း ပြသထားတာ တွေ့ရပါတယ်။

လွှတ်တော်အဆောက်အဦး အပြင်ဘက်မှာတော့ နာရီစင်ကနေ ဖြုတ်ချထားတဲ့ အင်္ဂလန်နိုင်ငံထုတ် မူလရှေးဟောင်း GENTS’ OF LEICESTER နာရီဟောင်းကြီးကိုလည်း ပြသပေးထားပါတယ်။

(၂) လွတ်လပ်ရေးနေ့မှာ အလံတင်အခမ်းအနားကျင်းပရာနေရာ

မြန်မာနိုင်ငံ သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ရတဲ့ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ မနက် (၄) နာရီ၊ မိနစ် (၂၀) အချိန်မှာ လွှတ်တော်အဆောက်အအုံအရှေ့မှာ ယူနီဂျက်အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်လို့ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး အလံတင်အခမ်းအနား ကျင်းပပြုလုပ်ရာ နေရာကိုလည်း မဖြစ်မနေ သွားရောက်လေ့လာသင့်ပါတယ်။

(၃) အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင် 

အလံတော်တိုင်နေရာအရှေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း တွေ့မြင်လေ့လာရမှာပါ၊၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရပြီး (၂)ပတ်အတွင်း တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထူးခြားချက်တစ်ခုကတော့ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး ရှိပေမယ့် ကျောက်တိုင်မှာတော့ အတွင်းဝန် ဦးအုံးမောင်နဲ့ ရဲဘော်ကိုထွေးတို့ကို ချန်လှပ်ခဲ့ပြီး ကျန်ဝန်ကြီး (၇) ဦးကိုပဲ မှတ်တမ်းကျောက်စာတစ်ခုချင်းစီ ရေးထိုးထားတာဖြစ်ပါတယ်။ 

(၄) အတက်အဆင်း နှစ်ခုပါတဲ့ ဗစ်တိုးရီးယား ကြောင်လိမ်လှေကား 

ဝန်ကြီးများရုံးရဲ့ တောင်ဘက်အဆောင်ကတော့ ဝန်ကြီးများရုံးမှာ ပထမဦးဆုံး တည်ဆောက်ပြီးစီးခဲ့တဲ့ အဆောင်ဖြစ်ပြီး ကိုလိုနီခေတ် ဗိသုကာလက်ရာ အများအပြားကို တွေ့မြင်နိုင်ပါတယ်။ အထူးခြားဆုံးကတော့ ဗစ်တိုးရီးယား နှစ်ထပ် ကြောင်လိမ်လှေကားဖြစ်ပါတယ်၊၊ ဗစ်တိုးရီးယားလှေကားဆိုတဲ့အတိုင်း လှေကားထောက်တိုင်တွေမှာ ဗစ်တိုးရီးယားဘုရင်မ မျက်နှာပုံ ထွင်းထားတာကလည်း စိတ်ဝင်စားစရာပါ။  

(၅) အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အခန်း 

ဝန်ကြီးများရုံးရဲ့ အနောက်ဘက်အဆောင် (ဗိုလ်အောင်ကျော်လမ်း) မှာ တည်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အခန်းကတော့ လာရောက်လေ့လာတဲ့ ဧည့်သည်တွေ စိတ်ဝင်အစားဆုံး နေရာလို့ ပြောလို့ရပါတယ်၊၊ အဲဒီအခန်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစည်းအဝေးတွေအားလုံး လုပ်ခဲ့တဲ့နေရာဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးခန်းလည်း ဖြစ်ခဲ့တာပါ၊၊

ဒီအခန်းမှာ (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်၊ မနက်ပိုင်းမှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့တာပါ။ အခန်းအတွင်းထဲတော့ ဝင်ရောက်လို့မရပါဘူး၊၊ အပြင်ဘက်ကနေပဲ ကြည့်ရှုလို့ ရပါတယ်၊၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ်က စားပွဲခုံတွေအတိုင်း ထားထားပါတယ်။ အဲဒီကနေ ဆက်သွားရင် ဓါတ်ပုံမှတ်တမ်းတွေ ပြသထားတဲ့ အခန်းရှိပါတယ်။

(၆) အာဇာနည်ကြီးတွေကို လုပ်ကြံမယ့်သူတွေ တက်လာတဲ့လှေကား 

အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံမယ့်သူတွေက အနောက်ဘက်အဆောင်နဲ့ အနီးဆုံးဖြစ်တဲ့ အနောက်တောင် ထောင့်ဘက်မှာ ရှိတဲ့ လှေကားကနေ တက်ရောက်လာပြီး ဝင်ရောက်လုပ်ကြံခဲ့တာပါ၊၊ လှေကားက ခပ်ကျဉ်းကျဉ်းကိုမှ မှောင်မှောင်ကြီးဆိုတော့ ခြောက်ခြားစရာကောင်းပါတယ်။ 

(၇) ရဲဘော်ကိုထွေး လုပ်ကြံခံခဲ့ရတဲ့ လှေကားနေရာ 

အာဇာနည်ခေါင်းဆောင်ကြီးတွေထဲက တစ်ဦးဖြစ်ပြီး ပညာရေးဝန်ကြီး ဦးရာဇတ်ရဲ့ သက်တော်စောင့် ဖြစ်တဲ့ ရဲဘော်ကိုထွေးကတော့ လုပ်ကြံတဲ့သူတွေ ပြန်လည်ထွက်ခွာရာလမ်းမှာ ရှိတဲ့ လှေကားအတွင်းမှာ လုပ်ကြံခံခဲ့ရတာပါ။ 

(၈) မြောက်ဘက်ခြမ်း အဆောက်အဦးတွေ 

အနော်ရထာလမ်းဘက်မှာရှိတဲ့ အခုတော့ စားသောက်ဆိုင်တချို့ဖွင့်လှစ်ထားတဲ့ မြောက်ဘက်ခြမ်းအဆောက်အဦးတွေကတော့ ကိုလိုနီခေတ်တုန်းက မြင်းဇောင်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး၊ (၁၉၆၂) ခုနှစ်ကနေ (၂၀၀၅) ခုနှစ်အတွင်းမှာတော့ ဝန်ထမ်းတန်းလျားတွေအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

ဝန်ကြီးများရုံးကို ရောက်ပြီး ဒီလိုသမိုင်းဝင်နေရာတွေ အစုံ လည်ပတ်ကြည့်ရှုချင်တယ်ဆိုရင် Guided Heritage Tour နဲ့ Join ပြီး သွားရမှာပါ။ Tour Guide ကလည်း သမိုင်းကြောင်းကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။   

ဝင်ကြေးစျေးနှုန်း

************

နိုင်ငံသား

လူကြီးတဦး - ၃,၀၀၀ ကျပ်

ကျောင်းသူ/သားများ၊ ကလေးများ - ၁,၀၀၀ ကျပ်

၄ နှစ်အောက်ကလေး - အခမဲ့

အချိန်ကတော့ မနက်ပိုင်းဆို ၁၀ ခွဲနဲ့ ၁၁ ခွဲ နှစ်ချိန်မှာ သွားရောက်လေ့လာနိုင်ပြီး နေ့ခင်းပိုင်းအတွက်ဆို ၁ ခွဲနဲ့ ၃ ခွဲ သတ်မှတ်ပေးထားပါတယ်။ 

Foreigner

Adult - 10$ 

Child - 5$ 

ကြိုတင်ဘိုကင်လုပ်ချင်ရင်

*****************

Phone : 09 4000 39680 , 09 42727 3018

Guided Heritage Tour မ join ပဲ ဒီတိုင်းဝင်မယ်ဆိုရင်တော့ 

ဝင်ကြေး - တယောက် ၅၀၀ ကျပ်

ဖွင့်ချိန် - မနက် ၉ နာရီ - ညနေ ၅ နာရီထိ

( နေ့စဉ်ဖွင့်ပါတယ် )

လိပ်စာ - အမှတ် ၃၀၀ ၊ သိမ်ဖြူလမ်း (အလယ်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

မူရင်းရေးသားသူများကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

⇐ Previous Next

Read 950 times