Travel

၃,၀၀၀ ကျပ်နဲ့ စတော်ဘယ်ရီ အ၀စားလို့ရမယ့် Golden Bee Farm

Golden Bee Farm At Pyin Oo Lwin

ပြင်ဦးလွင်ရဲ့ လည်ပတ်စရာနေရာတွေထဲမှာ Golden Bee Farm ဆိုတဲ့ စတော်ဘယ်ရီခြံလေးကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ စတော်ဘယ်ရီခြံလေးထဲမှာ စတော်ဘယ်ရီသီးလေးတွေကို လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်ခူးပြီး အ၀စားနိုင်မယ့်အပြင် တောင်ပေါ်ဒေသရဲ့ ရှု့မျှော်မဆုံးတဲ့ စိုက်ခင်းကြီးရဲ့ အလှအပတွေကိုလည်း ငေးမောရင်း အပန်းဖြေလို့ ရပါတယ်။ 

ဒီခြံလေးရဲ့ ဝင်ကြေးကတော့ လူကြီးတစ်ယောက်ကို (၂,၀၀၀) ကျပ်ပါ။ ၁၀ နှစ်​အောက် သားသားမီးမီး​လေး​တွေအတွက်ကတော့ ခြံဝင်ကြေး အခမဲ့ ဖြစ်ပါတယ်။ ခြံထဲဝင်တာနဲ့ တစ်​ယောက်မကျန်ကို စ​တော်ဘယ်ရီ ​ဖျော်ရည် (သို့) ​ကော်ဖီ မိမိကြိုက်နှစ်သက်ရာ (၁) ခွက် ရွေးချယ်ပြီး သောက်သုံးခွင့်နဲ့အတူ အ​မောပြေ ပျားသံပုရာဖျော်ရည်ကို​တော့ မပြန်မချင်း အားမနာတမ်း အဝ​ယူသောက်လို့ရမယ့် ဧည့်ခံဝန်​ဆောင်မှုလည်း စီစဥ်​ပေးထားပါတယ်။

Golden Bee Farm လေးမှာ အသီး ကိုယ်တိုင် ခူးမယ်ဆို အနည်းဆုံး (၃) ရက်လောက် Booking ကြိုယူ​ပေးရပါတယ်။ စတော်ဘယ်ရီ အ၀စားအတွက်ကို ကြိုက်သလောက်ခူး၊ ကြိုက်သလောက်စား (၃,၀၀၀) ကျပ်ပါပဲ။ စတော်ဘယ်ရီသီးလေးတွေကို ရေသေချာဆေးပေးပြီး အတူတွဲစားဖို့ ခြံထွက် ပျားရည်လေးကိုလည်း Free Flow ပေးပါသေးတယ်။ 

ကိုယ်ခူးလာတဲ့အသီးကို ခြံထဲမှာပဲ ကုန်​အောင် စားရမှာပါ။ အချိန်ဆိုလည်း မကန့်သတ်ထားပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောဘကြီးပြီး အများကြီး ခူးမိလို့ မစားနိုင်တော့ဘူးဆိုရင်တော့ မကုန်တဲ့ဟာကို ကျသင့်သလောက် ငွေရှင်းပြီး ဝယ်သွားရပါတယ်။ 

ခြံထဲမှာ စတော်ဘယ်ရီသီးတွေအပြင် နဂါးမောက်ပင်တွေလည်း စိုက်ပျိုးထားပါတယ်။ ကျယ်ဝန်းပြီး စိမ်းစိုလှပနေတဲ့ သစ်ပင်ပန်းမန်တွေ ရှိတာကြောင့် စိုက်ပျိုးရေးခြံကြီးတစ်ခုလုံးမှာ လမ်းပတ်လျှောက်ပြီး ဓာတ်ပုံတွေကိုလည်း အချိန်ကန့်သတ်ချက်မရှိ တ၀ကြီး ရိုက်လို့ရပါသေးတယ်။ တောင်ပေါ်ဒေသ စိုက်ခင်းလေး ဖြစ်တာကြောင့် ဘယ်နေရာကြည့်ကြည့် သဘာ၀တရားကြီးရဲ့ ရှုခင်းအလှကို မြင်နေရတော့ အပန်းဖြေလို့ကောင်းတဲ့ နေရာဆိုလည်း မမှားပါဘူး။ 

ခြံထဲမှာ အနားယူ အပန်း​ဖြေပြီးလို့ အိမ်ပြန်​တော့မယ်ဆိုရင် အိမ်ပြန်လက်​ဆောင်အဖြစ် ခြံထွက် ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေ၊ စတော်ဘယ်ရီယိုနဲ့ ဝိုင်တွေကိုလည်း မြည်းစမ်းကာ ဝယ်ယူအား​ပေးနိုင်ပါသေးတယ်။ ဝိုင်တွေမှာဆိုရင် မက်မန်းဝိုင်၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်၊ ချဥ်​စော်ခါးဝိုင်၊ စ​တော်ဘယ်ရီဝိုင်၊ နဂါး​မောက်ဝိုင်နဲ့ ဇီးဝိုင်တို့ ရပါတယ်။ လိပ်စာကတော့ လားရှိုး-မန်းလေးလမ်းအတိုင်းလာပြီး ပွဲကောက်ရေတံခွန်အကျော် ထူးလိမ္မော်ခြံမရောက်ခင်လေးမှာ ရှိပါတယ်။ 

Booking ယူရန်

Page CB - https://www.facebook.com/profile.php?id=100064036691939

Ph - 09 974 099 707/ 09 266 19 5533

⇐ Previous Next

Read 478 times